(င)-အိန္ဒိယနိုင်ငံကတည်ဆောက်ပေးရန် သဘောတူ ထားသည့် လမ်းပိုင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17

ဦးတင်လှိုင် (ကလေး)ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ မန္တလေးမြို့နှင့် အိန္ဒိယသမ္မတနိုင်ငံ မဏိပူရပြည်နယ်၊ အင်ဖာမြို့တို့ ကို ၂၀၁၃ ခုနှစ် မတ်လမှစတင်ပြီး ဘတ်စ်ကားလိုင်းများ ပြေးဆွဲမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများနှင့် ဂျာနယ် များမှ တဆင့် သိရှိရရာ အဆိုပါလမ်းကြောင်းတွင် အာရှအဝေးပြေးလမ်းမကြီး AH-1 ၏ အစိတ်အပိုင်း တစ်ခုဖြစ်သော မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းသည် အဓိကလမ်းပိုင်းတစ်ခုဖြစ်ပါသည်။ သို့ရာတွင် အဆိုပါလမ်းပိုင်းမှာ နွေ၊ မိုး၊ ဆောင်း ရာသီမရွေးသွားလာနိုင်ခြင်း မရှိသေးဘဲ မန္တလေးမှ မုံရွာ-ယာကြီးအထိ လမ်းပိုင်း သည်လည်းကောင်း၊ တမူး-ကလေး-ကလေးဝ မိုင် ၁၀၀ လမ်းပိုင်းသည် လည်းကောင်း အမြဲတမ်းသွားလာနိုင်သော လမ်းအဆင့်ဖြစ်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးအရ အိန္ဒိယက တာဝန်ယူဖောက်လုပ်ပေးမည့် ယာကြီး-ကလေးဝလမ်းပိုင်း ၇၅ မိုင် ၅ ဖာလုံမှာ အခုချိန်အထိ အရှိန် အဟုန်မြှင့် ဆောင်ရွက်ခြင်းများ မတွေ့ရသေးပါကြောင်း၊ ယင်းလမ်းကြောင်း ကောင်းမွန်ရေးသည် မြန်မာနိုင်ငံ၏ အနောက်မြောက်ပိုင်း ဒေသတွင် နေထိုင်ကြသော မန္တလေး- မုံရွာမှ ကလေးခရိုင်၊ တမူးခရိုင်၊ ချင်းပြည်နယ်မြောက်ပိုင်း ၅ မြို့နယ်၏ အဓိကမှီခိုနေရသော စီးပွားရေး၊ လူမှုရေးများတွင် အရေးပါသည့်အတွက် အမြန်ပြီးစီးနိုင်ပါက ဒေသတစ်ခုလုံး သိသိသာသာ ဖွံ့ဖြိုးလာနိုင်မည်ဖြစ်ပါကြောင်း၊ သို့သော် မုံရွာ-ယာကြီး မိုင် ၄၀ ကို မုံရွာအုပ်စုဆောက်လုပ်ရေးမှ  BOT စနစ်ဖြင့်ပေးထားပြီး မိုင် ၄၀ မှ ၁၁၅ မိုင် ၅ ဖာလုံအထိ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အသီးသီးတာဝန်ယူ ဆောင်ရွက်လျှက်ရှိရာ ၂၀၁၂-၂၀၁၃ တွင် ကျပ်သန်း ၅၀၀ ဖြင့် မိုင်တိုင် ၆၀ မှ မိုင်တိုင် ၇၀ အထိ ပြုပြင်ထိန်းသိမ်းပေးပြီး  ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင်  ကျပ် ၄၀၁၃ သန်းဖြင့် လမ်းအဆင့်မြှင့်တင်ပေးမည် ဖြစ်ကြောင်း   ပဉ္စမပုံမှန်အစည်းအဝေး၌ ကတိကဝတ် ကော်မတီ ကို ဖြေကြားထားသော်လည်း ၂၀၁၃-၂၀၁၄ ဘတ်ဂျက်နှစ်တွင် တောင်းခံငွေမှာ ကျပ်သန်း ၂၀၀ ကိုသာ တွေ့ရှိရပါကြောင်း။

အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နှင့် နှစ်နိုင်ငံသဘောတူညီချက် အရ တမူး-ကလေးဝလမ်းပိုင်း တံတား ၇၁ စင်းနှင့် ကလေးဝ-ယာကြီးလမ်းပိုင်း ၇၅ မိုင် ၅ ဖာလုံကို အဆင့်မြင့်လမ်းခင်းပေးမည်ြ ဖစ်ကြောင်း နှင့် မြန်မာနိုင်ငံ ဆောက် လုပ်ရေးမှ ပြင်ဆင်နေသည်ကို တွေ့ရသော်လည်း ငွေအင်အား၊ ယန္တရား အင်အားမြှင့်တင်နိုင်မှ သာ ၂၀၁၄-၂၀၁၅ တွင်ပြီးစီးနိုင်မည်ဖြစ်ပါကြောင်း၊ မုံရွာ-ယာကြီး-ကလေးဝ-ကလေးမြို့-တမူး လမ်းပိုင်းသည် လူမှုစီးပွားအရ အရေးပါသည့်လမ်းကြောင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် မိုးရာသီလမ်းပြတ်တောက်မှုမရှိဘဲ ခရီးသည် ယာဉ်များ သွား လာနိုင်သော လမ်းအဆင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှပြုပြင်ပေးရန် လိုအပ်နေပါကြောင်း၊ သို့ဖြစ်ပါ၍ အောက်ပါမေးခွန်းများအား မေးမြန်းလိုပါကြောင်း-

(၁) အိန္ဒိယနိုင်ငံနှင့် သဘောတူထားသည့် တမူး-ကလေး- ကလေးဝလမ်းပိုင်းရှိ အသစ်တည်ဆောက်ပေးမည့် တံတား ၇၁ စင်းအနက် တံတားမည်မျှပြီးစီးပြီး ဖြစ်ပါသနည်း။

(၂) အိန္ဒိယသမ္မတနိုင်ငံမှ တည်ဆောက်ပေးရန် သဘောတူထားသည့် ကလေးဝ-ယာကြီးလမ်းပိုင်း ၇၅ မိုင် ၅ ဖာလုံကို မည်ကဲ့သို့ဆောင်ရွက်နေပါသနည်း။ မည်သည့်အချိန်တွင် အလုံးစုံပြီးစီးပါမည်နည်း။

(၃) ယာကြီး- ကလေးဝလမ်းပိုင်း အဆင့်မြှင့်တင်ရေးအတွက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၄၀၁၃ သန်း လျာထား ဆောင်ရွက်မည်ဟု ပဉ္စမပုံမှန်အစည်းအဝေး၌ ကတိကဝတ်ကော်မတီကို ဖြေကြားခဲ့သော်လည်း ကျပ်သန်း ၂၀၀ လျာထားတောင်းခံခြင်းမှာ အဘယ်ကြောင့်နည်း။

(၄) မုံရွာအုပ်စုလမ်းတံတား တည်ဆောက်ရေးကော်မတီက BOT စနစ်ဖြင့် တည်ဆောက်ရန်တာဝန်ယူထားသော မုံရွာ-ယာကြီးလမ်း ပိုင်း မိုင် ၄၀ သည် အမှန်တကယ်ပြီးစီး ထိုက်သည့်အတိုင်း ပြီးစီးမှု ရှိ/မရှိနှင့် အရည်အသွေး စစ်ဆေးမှု ရှိပါသလား။ စံချိန်မမီပါက မည်ကဲ့သို့ အရေးယူဆောင်ရွက်ပါမည်နည်း။

(၅) နိုင်ငံပိုင် သတင်းများတွင် ဖော်ပြသကဲ့သို့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် အင်ဖာမြို့နှင်‌့ မြန်မာနိုင်ငံ မန္တလေးမြို့ တို့အကြား ၂၀၁၃ ခုနှစ်မှစ၍ ဘတ်စ်ကားများ တစ်ပတ်လျှင် ၂ ကြိမ်ပြေးဆွဲမည်ဆိုသည်မှာ မှန်ကန်မှုရှိပါသလား။ ထိုသို့ပြေးဆွဲနိုင်ရန် လမ်းအဆင့်အတန်း ပြီးပြည့်စုံမှုရှိပါ သလားဆို သည့် မေးခွန်းများကို မေးမြန်းပါသည်။