(ဃ)-ရေကြောင်းပို့ဆောင်ရေးနှင့် ဆိပ်ကမ်းဆိုင်ရာ ကိစ္စရပ်များ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17

ဦးခိုင်မောင်ရည် (အလုံ) မိမိအနေဖြင့် ရေကြောင်းပို့ဆောင်ရေးနှင့် ဆိပ်ကမ်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သော မေးခွန်း ၄ ခုကိုမေးမြန်းလိုပါကြောင်း၊

မေးခွန်း ၁ အနေဖြင့် ရန်ကုန်ဆိပ်ကမ်း သောင်တူးခြင်းလုပ်ငန်းအား ယခုအထိ အတွင်းစည်းခုံ (inner bar) ရေအနက် ၁၃ ပေအောက် ကျဆင်းမှု မရှိစေရန် ထိန်းသိမ်းနိုင်ရေးအတွက် Maintenance Dredging ဖြင့် ကြိုးစားဆောင်ရွက် လျက်ရှိရာ လက်ရှိအချိန်၌ ရေအနက် ၁၀.၅ ပေ ခန့်သာရှိပါသဖြင့် ပုဂ္ဂလိကသို့ လွှဲပြောင်းပြီး ပြင်ပကျွမ်းကျင်ပညာရှင်များနှင့် တူးဖော်ခြင်း၊ တိုင်းတာဆောင် ရွက်ခြင်းဖြင့် ပိုမို တိုးတက်မှု ရှိနိုင်/ မရှိနိုင် သိရှိလိုပါကြောင်း။

မေးခွန်း ၂ ရန်ကုန်ဆိပ်ကမ်းအတွင်း ဝင်/ထွက်နေသည့် နိုင်ငံတကာ ကုန်သွယ် သ‌င်္ဘောကြီးများ Port State Control စစ်ဆေးခဲ့မှု၊ အရေးယူမှု၊ နိုင်ငံတော် ဘဏ္ဍာသို့ ဒဏ်ကြေးပေးသွင်းနိုင်မှု အခြေအနေနှင့် အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ IMO ၏ ဥပဒေများနှင့် အညီ ရေကြောင်းဘေးအန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်မှုတို့ကို သိရှိလိုပါကြောင်း။

မေးခွန်း ၃ ရန်ကုန်မြစ်အတွင်း သ‌င်္ဘောများ တိုက်ခိုက်ခြင်း၊ နစ်မြုပ်ခြင်းစသည့် ဘေးအန္တရာယ်ကြုံတွေ့ရပါက အချိန်တိုအတွင်း ရေကြောင်း အန္တရာယ်ကင်းရှင်း စေရေးအတွက် ဆောင်ရွက်ပေးမည့် အစီအမံနှင့် ဌာနပိုင် အထောက်အကူပြု ရေယာဉ်များ အရန်သင့် ရှိ/မရှိ၊ စွမ်းအားပြည့် အသုံးပြုနိုင်/မပြုနိုင် သိရှိလိုပါကြောင်း။

မေးခွန်း ၄ လက်ရှိအချိန်တွင် ရန်ကုန်မြစ်ကြောင်းအတွင်း နိုင်ငံတကာကုန်သွယ်သင်္ဘောကြီးများနှင့် ပြည်တွင်း ကမ်းရိုးတန်းသွား ရေယာဉ် ကြီး/ငယ်များ၊ ငါးဖမ်းလှေများ၊ တွဲ/ဆွဲရေယာဉ်များ၊ အခြားစက်တပ် ယာဉ်ငယ်များ နစ္စဓူဝ များစွာမောင်းနှင် သွားလာနေကြသည့်အတွက် သက်ဆိုင်ရာ ရေယာဉ်များအား ကိုင်တွယ်မောင်းနှင် တာဝန်ယူရသည့် ရေကြောင်းပြများ၊ ရေယာဉ်မှူးများနှင့် ပဲ့နင်းများ၏ ကျွမ်းကျင်မှုလက်မှတ်များအား မည်သို့ စိစစ်ကန့်သတ် ထုတ်ပေးလျက်ရှိသည်နှင့် ရေကြောင်းအန္တရာယ် ကင်းရှင်းရေးအတွက် လက်မှတ် ကိုင်ဆောင်သူ များအား မည်သို့ ထိန်းသိမ်းကြပ်မတ်လျက် ရှိသည်တို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။