(ဃ)-မုံရွာမြို့တွင် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် စည်းကမ်းဖောက်ဖျက်သော ကုမ္ပဏီအား အရေးယူရန်အစီအစဉ်ရှိ/မရှိ နှင့် စီမံကိန်းကြောင့် နစ်နာဆုံးရှုံး ခဲ့ရသည့် ဒေသခံများအား မည်ကဲ့သို့ ကာကွယ်မည် နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17

ဒေါ်ခင်စန်းလှိုင် (ပုလဲ) စစ်ကိုင်းဒေသကြီး မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်အမှတ် (၆၈၃) ဂဒုတ်ကုန်း ကွင်း မြေဧက ၃၀ တွင် နေအိမ်များ အရောင်းဆိုင်များနှင့် လုပ်ငန်းများလုပ် ကိုင်နေကြသူများသည် ဂရန်များလက်ဝယ်ရှိထားသော မူလမြေပိုင် ရှင်များ ဖြစ်ပါ သည်။ ၂၀၀၇ ခုနှစ်တွင် အမှတ်(၆၈၃) ဂဒုတ်ကုန်းကွင်းမှ ပိုင်ရှင် ၄၅ ဦးပိုင်ဆိုင်သော ဂရန်ရှိမြေစုစုပေါင်း ၁၂.၅ ဧကကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ကျော် ပ/၃၃၄၄ မှ ခရိုင်အားကစားကွင်းဆောက်လုပ်ရန် သိမ်းယူခဲ့ ပါသည်။ ထိုသို့သိမ်းဆည်းရာတွင် မြေပိုင်ရှင် အားလုံးကို အကြောင်းကြားခြင်း မရှိဘဲ အချို့ကိုသာ ဂရန်များအပ်နှံရန် အကြောင်း ကြားခဲ့ပြီး လျော်ကြေးငွေ ပေးခြင်း၊ မြေအစားပေးခြင်းများကိုလည်း ယနေ့အချိန် ထိ ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်းလည်း ကြားသိရပါသည်။ အဆိုပါမြေများမှာ ၃၁-၈-၁၉၇၂ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၁၀၄၇)အရ မြို့နယ် နိမိတ် အတွင်းကျရောက်သော မြေကွက်များဖြစ်ကြောင်းကိုလည်းကောင်း၊ ၂၄-၄-၁၉၉၁ အမှတ်စဉ် ၄/တဝတ/၉၁ ဆုံးဖြတ်ချက် အပိုဒ် ၉၆ အရ လူနေအိမ်ဝင်းမြေအဖြစ် သတ်မှတ်၍လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၁-၇-၁၉၉၈ နေ့စွဲပါ စာအမှတ် ၁၀၀/၂၂-၅၆/ဦး-၁အရ မြို့နယ်နိမိတ်အတွင်း ကျရောက်သော ဂရန်ရှိ မြေကွက် များ ဖြစ်ပါသည်။ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင်  စာအမှတ် ၅/၄၃-၂၂၂(၂၀၅)/ဦး-၆ ဖြင့် ရွှေနဂါးမင်း ထရေးဒင်း ကုမ္ပဏီလီမိတက်ကို တ.ယ.က အတွင်းရေးမှူး ဦးမြအောင် လက်မှတ်ဖြင့် ၂၀၀၇ ခုနှစ်က သိမ်းဆည်းခဲ့သော ခရိုင်အားကစားကွင်း အပါအဝင် နောက်ထပ် ဂရန်မြေကွက်များနှင့် လူနေအိမ်များ ပါဝင်သော စုစုပေါင်း မြေဧက ၃၀ ကို အဆင့်မြင့် ဟိုတယ်များ ဆောက်လုပ်ရန်အတွက် ရွှေနဂါးမင်း ကုမ္ပဏီ ဥက္ကဋ္ဌလက်မှတ်ဖြင့် ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးထံ လိပ်မူ၍ တောင်းဆိုခဲ့သည့်အတွက် မြေနေရာကို ချထားပေးခဲ့သည်ကို တွေ့ရပါသည်။ ယင်းခွင့်ပြုချက်ကို (၁) ၂၀၁၀ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေတွင် စာအမှတ် ၅/၄၃- ၂၁၈(၅၆၁)/ဦး-၆ ဧရိယာ ၄.၁၈ ဧက၊ (၂) ၂၀၁၀ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့တွင် စာအမှတ် ၅/၄၃- ၂၁၈(၅၆၃)/ဦး-၆ ဧရိယာ ၄.၃၄ ဧက၊ (၃) ၂၀၁၀ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့တွင် စာအမှတ် ၅/၄၃- ၂၁၈(၅၆၅)/ဦး-၆ ဧရိယာ ၄.၉၂ ဧက၊ (၄) ၂၀၁၀ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေတွင် စာအမှတ် ၅/၄၃- ၂၁၈(၆၉၅)/ဦး-၆ ဧရိယာ ၄.၅၀၇ ဧက၊ (၅) ၂၀၁၀ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့တွင် စာအမှတ် ၅/၄၃- ၂၁၈(၆၉၇)/ဦး-၆ ဖြင့် ဧရိယာ ၄.၃၅၄ ဧက၊ စုစုပေါင်း မြေပေးမိန့် ၅ စောင်နှင့် မြေယာများကိုချထားပေးခဲ့ပါသည်။ ယင်းမြေနေရာပေါ်တွင် ဂရန်ကျပြီးမြေကွက် စုစုပေါင်း ၅၀ ကျော်၊ အိမ်ထောင်စုပေါင်း ၇၀ ကျော်၊ တိုက်တာအဆောက်အဦများ၊ လူနေအိမ်များနှင့် လုပ်ငန်းများထူထောင်ကာ အတည်တကျ နေထိုင်လာကြသော နေရာဖြစ်ပါသည်။
စစ်ကိုင်း တိုင်းဒေသကြီးအစိုးရမှ ရွှေနဂါးမင်းကုမ္ပဏီအား မြေဧက ၃၀ ကို စည်းကမ်းချက် ၃ ချက်ဖြင့် ချထားပေးခဲ့ရာ (က) မြို့ပြအင်္ဂါရပ် နယ်မြေအနေအထားနှင့် ကိုက်ညီသော အဆင့်အတန်းမီအဆောက် အအုံ ဆောက်လုပ်ရန် (ခ) ၃ လအတွင်း ဝင်းခြံခတ်ပြီး ၆ လအတွင်းမှာ အဆောက်အဦ ဆောက်လုပ် ပြောင်းရွှေ့ ရန် (ဂ) အထက်ပါ စည်းကမ်းချက်များအား လိုက်နာမည်ဖြစ်ကြောင်းနှင့် ပျက်ကွက်ပါက မြေကွက် ပြန်လည် သိမ်းယူခံရမည်ဖြစ်ကြောင်း သဘောတူညီမှုရှိပြီးဖြစ်သည်ဟု မှတ်ယူရန်တို့ဖြစ်ပါသည်။    သို့ရာတွင် ရွှေနဂါးမင်းကုမ္ပဏီ အနေဖြင့် မြေပေးမိန့်ရသည့် အချိန်မှစ၍ ယနေ့အချိန်ထိ မူလပိုင်ရှင်များကို ခေါ်ယူတွေ့ဆုံ ညှိနှိုင်းခြင်း၊ ကာလတန်ဖိုးပေးလျော်ခြင်း၊ မြေအစားထိုးပေးလျော်ခြင်းများ မပြုလုပ်သည့်အပြင် ယနေ့အချိန်ထိ မည်သည့် ဟိုတယ်၊ အဆောက်အဦမျှ ဆောက်လုပ်ထားသည်ကိုလည်း မတွေ့ရသေးပါကြောင်း၊ မူလပိုင်ရှင် များအနေဖြင့် တရားဥပဒေမဲ့ ပြုကျင့်ခံရပြီး နှစ်ပေါင်းများစွာ ကိုယ်ပိုင်မြေများအသိမ်းခံရခြင်း၊ တရား မျှတမှုမရှိသော အမှုများ စွဲဆိုခံရခြင်းများဖြင့် ကြုံတွေ့နေရပါကြောင်း၊ မိမိတို့ မြေနေရာများတွင် ဝင်ရောက်နေထိုင်ခွင့်၊ ပိုင်ဆိုင်ခွင့် မရှိကြဘဲ လက်ရှိနေထိုင်သူ၊ ဖယ်ရှားခံရခြင်း မရှိသေးသော လက်ရှိနေထိုင်နေသူများ အနေဖြင့်လည်း စိုးရိမ် ကြောင့်ကြနေကြ ပါကြောင်း၊ နိုင်ငံတော် သည် နိုင်ငံသားများ၏ တရားဝင်ရထားသော ရွှေ့ပြောင်း နိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့်စပ်လျဉ်း၍ ဥပဒေအရ ကာကွယ်ပေးရမည် ဟု ဖော်ပြပါရှိရာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၆၊ ၃၅၇ အရ ဒေသခံများမှာလည်း ကုစားပိုင်ခွင့်လည်းမရခဲ့ပါကြောင်း၊ ကုမ္ပဏီ အနေဖြင့် ယနေ့အချိန်ထိ စည်းကမ်းချက်များကိုလည်း ဆောင်ရွက်ခဲ့ခြင်း မရှိသည့်အတွက် နစ်နာဆုံးရှုံးနေရသော ဒေသခံပြည်သူများအား ကာကွယ် စောင့်ရှောက်ပေးပါရန်နှင့် နစ်နာမှုများကို ကုစားပေးပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း တိုင်းဒေသကြီးအစိုးရနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများထံသို့ မေးမြန်းပါသည်။