(ဆ)-လောင်းချောင်းကျေးရွာ၌ တိုက်နယ်ဆေးရုံတစ်ရုံ ဖွင့်လှစ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း

2020-12-17

ဒေါ်ခင်စောဝေ (ရသေ့တောင်) ရခိုင်ပြည်နယ်သည် မြစ်၊ ချောင်းများပေါများပြီး ရေလမ်းကိုသာ အဓိက အားထားနေရသော ဒေသတစ်ခုဖြစ်ခြင်း၊ မိုးရာသီတွင် ရာသီဥတု ဆိုးဝါးမှု ဒဏ်ကို အခံရဆုံးဒေသတစ်ခု ဖြစ်ခြင်းတို့အပြင် ရသေ့တောင်မြို့သည်လည်း အခြားသော မြို့များနှင့်ဖြစ်စေ မြို့အတွင်းမှာဖြစ်စေ ကားလမ်းလုံးဝမရှိပါကြောင်း၊ ထို့ကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး  ဒေသခံ ပြည်သူများအနေဖြင့် ကလေးမွေးဖွား ရန်နှင့် အရေးပေါ် ကျန်းမာရေးပြဿနာများ ကြုံတွေ့လာပါက မြို့ပေါ်သို့ အချိန်မီ မရောက်ရှိနိုင်ဘဲ အသက်ဆုံးရှုံးမှုများ ရှိနေပါကြောင်း၊ ရသေ့တောင် မြို့ မြောက်ဘက်အစွန်းတွင် စေတီပြင်တိုက်နယ်ဆေးရုံ တစ်ခုရှိသော် လည်း လောင်းချောင်းကျေးရွာသည် ရသေ့တောင်၏ တောင် ဘက်စွန်းတွင် တည်ရှိခြင်း၊  စေတီပြင်ကျေးရွာနှင့် မိုင် ၂၀ ခန့်ကွာဝေးခြင်းတို့ကြောင့် သွားလာ ရာတွင် အခက်အခဲများရှိနေပါကြောင်း၊  လောင်းချောင်း တိုက်နယ် တွင် ကျေးရွာ ပေါင်း ၂၆ ရွာ၊ လူဦးရေ ၃၀၀၀၀ ခန့်ရှိပြီး အနီးအနား ပတ်ဝန်းကျင် ရှိ ကျေးရွာများမှ လည်း လောင်းချောင်းကျေးရွာရှိ ကျန်းမာရေးဌာနကိုသာ အားကိုး အားထားပြုနေရသည့်အတွက် ရသေ့တောင်မြို့ ၏ အကြီးဆုံးနှင့်အချက်အခြာ အကျဆုံး လောင်းချောင်း တိုက်နယ်၊ လောင်းချောင်းကျေးရွာ အတွက် တိုက်နယ်ဆေးရုံဖွင့်လှစ်ပေးရန် ခွင့်ပြုနိုင်ခြင်း ရှိ/မရှိ သိလို ကြောင်း မေးမြန်းပါသည်။