(င)-ကမ်းကြီးကျေးရွာမှ ကျွန်းစုမြို့ ပေါ်သို့ ကုန်းလမ်း တစ်လမ်း ဖောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17

ဒေါ်တင်တင်ရီ (ကျွန်းစု) ကျွန်းစုမြို့သည် ၁၉၈၂ ခုနှစ်တွင် ယခင် မြိတ်အနောက်မြို့နယ်အနေဖြင့် စတင်တည်ထောင်ခဲ့ပြီး ကမ်းကြီးကျေးရွာနှင့် ကျွန်းစုမြို့နယ်ကို ရေကြောင်းခရီး လမ်းဖြင့်သာ သွားလာခဲ့ရပါကြောင်း၊ ရေလမ်းခရီးသည်လည်း သွားလာရေး ခက်ခဲသည့် အတွက်ကြောင့် ကမ်းကြီးကျေးရွာမှ ကျွန်းစုမြို့ပေါ်သို့ အချိန်မရွေး သွားလာနိုင်ရန်အတွက်ကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် လမ်းတစ်လမ်းဖောက် လုပ်ခဲ့ရာ ၁၉၉၃ ခုနှစ်တွင် ပြီးစီးခဲ့ပါကြောင်း၊ ရွာသူရွာသားများသည် ကျွန်းစုမြို့ပေါ်သို့ ခြေလျင်ဖြစ်စေ၊ ဆိုင်ကယ်နှင့်ဖြစ်စေ အရေးပေါ်ကိစ္စများတွင် အချိန်မရွေး လွယ်ကူစွာသွားလာနိုင်သည့်အတွက် စိတ်ချမ်းသာခဲ့ရ သော်လည်း ၁၉၉၀ ခုနှစ်မှပင် တနင်္သာရီတိုင်းဒေသကြီး ရေတပ်ဌာနချုပ်က တပ်စခန်းဆောက်လုပ်ရာ အဆိုပါ လမ်းသည် လည်း တပ်ပိုင်ဧရိယာထဲသို့ ပါသွားခဲ့ပါကြောင်း၊ ထို့ကြောင့် ကျေးရွာသူရွာသားများက သာမန်အချိန်များတွင် ၎င်းလမ်းကို ဖြတ်သန်းသွားလာခွင့်ရခဲ့ကြသော်လည်း ကျေးရွာများတွင် အရေးပေါ်ကိစ္စကြုံသည့်အချိန်နှင့် VIP လမ်းကြောင်းများ တိုက်ဆိုင်နေသည့်အချိန်မျိုးတွင် ၎င်းလမ်းကို ပိတ်ဆို့ထားခြင်းတို့ကြောင့် သွားလာရေး အခက်အခဲများ ကြုံတွေ့ရပါကြောင်း၊ ထိုကြောင့် ကမ်းကြီးကျေးရွာသားများအနေဖြင့် ကျွန်းစုမြို့ပေါ်သို့ လွတ်လပ်စွာသွားလာနိုင်ရန် သီးခြားလမ်းတစ်လမ်းကို ဖောက်လုပ်ပေးစေလိုသည့်အတွက် ကျွန်းစုမြို့နယ် ကမ်းကြီးကျေးရွာကို ကုန်းလမ်းခရီးဖြင့် ဆက်သွယ်သွားလာနိုင်မည့် သီးခြား လမ်းတစ်လမ်းကို ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် ဖောက်လုပ်ပေးမည် ဆိုသည်ကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။