(ဃ)-မြန်မာနိုင်ငံရဲတပ်ဖွဲ့များသို့ အချုပ်ယာဉ်၊ လှည့်ကင်း/လုံခြုံရေး ဆောင်ရွက်ရန်ယာဉ်နှင့် အဓိကရုဏ်းနှိမ်နင်းရေးယာဉ် စသည်တို့ကို စီမံချက်ရေးဆွဲပြီး ဖြည့်ဆည်းဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
တရားဥပဒေစိုးမိုးရေး ရှိ/မရှိကို ဝေဖန် သုံးသပ်ရာတွင် တာဝန်ယူဆောင် ရွက်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် ဆက်စပ်ပစ္စည်းများဖြစ်သော ရဲတပ်ဖွဲ့သုံးယာဉ်များနှင့် အခြားအသုံးအဆောင် ပစ္စည်းများကို ခေတ်နှင့် အညီ ဖြည့်ဆည်းပေးနိုင်ခြင်း ရှိ/မရှိ ကိုလည်း စဉ်းစားပေးသင့်ပါကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အများစုသည် မိမိအစီအစဉ်ဖြင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် လုပ်ကိုင်နေကြသည် ကိုလည်း တွေ့မြင်ရ ပါကြောင်း၊ မြို့နယ် အတွင်း ဆူပူမှု၊ အကြမ်းဖက်မှုများ စတင်ဖြစ်ပွားပါက မြို့နယ်ရဲတပ်ဖွဲ့ကပင် စတင်ထိန်းသိမ်းရပြီး အချိန်နှင့် တစ်ပြေးညီ ဟန့်တား ကာကွယ်ရန်နှင့် ထိရောက်မြန်ဆန်စွာ အင်အားဖြည့် ဆောင်ရွက်နိုင် ရန်၊ တရားခံများ ဖမ်းဆီးရန်နှင့် အဓိကရုဏ်းများဖြစ်ပွားပါက အခင်းဖြစ်ရာနေရာသို့ အချိန်မီ သွားရောက် ရန်နိုင်ရန်အတွက် ယာဉ်များ မလုံလောက်ခြင်း၊ ကောင်းမွန်မှုမရှိခြင်း၊ လိုအပ်သည့် မော်တော်ယာဉ်နှင့် စက်သုံးဆီများကိုလည်း ရဲတပ်ဖွဲ့ဝင်များသည် မြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ယာဉ်ပိုင်ရှင်များထံမှ အကူအညီတောင်းခံ နေရပါကြောင်း၊ ထို့အပြင် မြို့နယ်အသီးသီးတွင် ယာဉ်လုံလောက်မှုမရှိသည့်အပြင် ရှိသည့်ယာဉ်များမှာလည်း ပျက်စီးယိုယွင်းနေသည့်အတွက် အသစ်ဖြည့်စွက်ဆောင်ရွက်ပေးရန်လည်း လိုအပ်လျက် ရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ မြို့နယ်အသီးသီးရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့များသို့ အချုပ်ယာဉ်၊ လှည့်ကင်း၊ လုံခြုံရေး ဆောင်ရွက်ရန်ယာဉ်နှင့် အဓိကရုဏ်းနှိမ်နင်းရေးယာဉ် စသည်တို့ကို စီမံချက်ရေး ဆွဲ၍ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။