(ဈ)-မြို့နယ်နှင့် ခရိုင်ဘဏ်ခွဲများတွင် တာဝန်ယူထားရသော ငွေကြေးနှင့် ထိုက်တန်သော ရာထူးအဆင့်သို့ တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17

ဦးပိုက်လင်း (ပလက်ဝ) မိမိတို့ နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေး လုပ်ငန်းစဉ်တွင် အဓိကဆောင်ရွက်ရသော မြန်မာ့စီးပွားရေးဘဏ် မြို့နယ်ဘဏ်ခွဲများတွင် လွန်ခဲ့သော   အနှစ် ၃၀ ခန့်က ငွေသေတ္တာလက်ကျန် အမြဲတမ်း ကန့်သတ်ချက် ၁၀ သန်းမှ ၁၅ သန်းအထိကို ငွေကြေး တာဝန်ခံ၊ ငွေကြေးဝန်ထမ်းများအား ငွေကိုင်(၃) ရာထူးအဆင့်နှင့် ကျပ် ၁၅၀ သန်းကနေ သန်း ၂၀၀ အထိကို တာဝန်ခံဝန်ထမ်းငွေကိုင်(၁) နှင့် ငွေကိုင်(၂) ရာထူးအဆင့်များဖြင့် ခန့်ထား ဆောင်ရွက်သည်ကိုသိရပါကြောင်း၊ ယခုအခါ မြို့နယ်ဘဏ်ခွဲများ၏ ငွေကြေးသေတ္တာလက်ကျန် အမြဲတမ်း ကန့်သတ်ချက်ကို သန်း ၁၀၀၀ မှ ၁၅၀၀ အထိတိုးမြှင့်ထားရှိသော်လည်း ငွေကြေး တာဝန်ခံ၊ ငွေကြေးဝန်ထမ်းများအား ငွေကိုင်(၃) ရာထူးအဆင့်ဖြင့်သာ ခန့်ထားခြင်းနှင့် ခရိုင်ဘဏ်ခွဲများ၏ ငွေကြေးသေတ္တာလက်ကျန် အမြဲတမ်း ကန့်သတ်ချက်ကို ကျပ်သန်း ၁၅၀၀၀မှ ၂၀၀၀၀ အထိ တိုးမြှင့် ထားသော်လည်း ငွေကြေး တာဝန်ခံ၊ ငွေကြေး ဝန်ထမ်းများအား ငွေကိုင်(၂)၊ ငွေကိုင်(၁) ရာထူး အဆင့်ဖြင့်သာခန့်ထားဆဲဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ သို့ပါ၍ ငွေကြေးတာဝန်ခံ၊ ငွေကြေးဝန်ထမ်း များအား ငွေကိုင်(၂) သို့မဟုတ် ငွေကိုင်(၁) ရာထူးအဆင့်သို့လည်းကောင်း၊ ခရိုင်ဘဏ်ခွဲများ၏ ငွေကြေးတာဝန်ခံ၊ ငွေကြေးဝန်ထမ်းများအား လက်ထောက်မန်နေဂျာ (ငွေကြေး) ရာထူးအဆင့်သို့ လည်းကောင်း တိုးမြှင့်ခန့်ထားပေးပါမှ သင့်လျော်ပါ မည်ဖြစ်သည့် အတွက် ငွေကြေးတာဝန်ခံ၊ ငွေကြေးဝန်ထမ်းများအား ရာထူးအဆင်‌့များ တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်းမေးမြန်းပါသည်။