(ဆ)-အိမ်ရာမြေများ ဝယ်ယူရောင်းချခြင်း အပေါ်တွင် ကောက်ခံနေသော အခွန်နှုန်းထားများ နှင့် စပ်လျဉ်းသည့် မေးခွန်း
မိမိအနေဖြင့် အောက်ပါမေးခွန်းအား မေးမြန်းရခြင်းမှာ နိုင်ငံသားများ မှ ပေးဆောင်ရန် တာဝန်ရှိသော အခွန်များကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ မှန်မှန် ကန်ကန်ပေးသွင်းနိုင်ရန် ရည်ရွယ်ပါကြောင်း၊ အမိန့်ကြေညာစာများနှင့်မဟုတ်ဘဲ ဥပဒေ၊ နည်းဥပဒေများဖြင့် စည်းရုံးပြီး နိုင်ငံသားတိုင်း အခွန်ပေးဆောင်သည် ဆိုသည့် ယဉ်ကျေးမှုတစ်ခုကို ဖြစ်စေလိုသည့် အတွက် မေးမြန်း ရခြင်းဖြစ် ပါကြောင်း။
ပထမမေးခွန်းအနေဖြင့် အိမ်၊ ခြံ၊ မြေရောင်းဝယ်ခြင်းပေါ်တွင် တိုးမြှင့်ကောက် ခံနေသော ၃၇ ရာခိုင်နှုန်းအား ဝင်ငွေခွန်အနေဖြင့် ရာခိုင်နှုန်းမည်မျှ ကောက်ခံပါ သနည်း။ တံဆိပ်ခေါင်းအခွန် ရာခိုင်နှုန်းမည်မျှနည်း။ ဤမေးခွန်း ကိုမေးမြန်းရခြင်းမှာ မိမိ အပါအဝင် ပြည်သူအများစု မသိရှိသည့်အပြင် တံဆိပ်ခေါင်း အခွန်များမှာ ရန်ကုန် ၅ ရာခိုင်နှုန်း၊ မန္တလေး ၇ ရာခိုင်နှုန်း၊ ထို့ပြင် အိမ်၊ မြေဈေးများတွင် ၅ ရာခိုင်နှုန်း၊ ၇ ရာခိုင်နှုန်း ကောက်ခံ ခြင်းများသည် ယနေ့ခေတ် အိမ်၊ မြေဈေးများအရ အင်မတန်များသည့် အတွက် ညှိနှိုင်းပေးရန် တင်ပြရခြင်း ဖြစ်ပါကြောင်း။ အိမ်၊ ခြံ၊ မြေရောင်းဝယ်ခြင်းပေါ်တွင် ပေးဆောင်နေရသော ၃၇ ရာခိုင်နှုန်းကို ဝင်ငွေရလမ်းဖော်ပြနိုင်သော (ငွေဖြူ)၊ ဝင်ငွေ ရလမ်းမဖော်ပြနိုင်သော(ငွေမဲ) များ၏ အခွန်ပေးဆောင်ရမှု စနစ်၊ ယင်း ၃၇ ရာခိုင်နှုန်းကိုလည်း ရောင်းချသူ (သို့မဟုတ်) ဝယ်ယူသူ မည်သူမှ ပေးဆောင်ရမည်နည်း။
ဒုတိယမေးခွန်းအနေဖြင့် ငွေဖြူနှင့် ငွေမဲ များကို အခွန်အချိုးအစား တူညီကောက်ခံမှုအပေါ်တွင် ငွေဖြူကိုလက်ဝယ် ပိုင်ဆိုင်ထားသူများ အနေဖြင့် ငွေဖြူ ရရှိစေရန် ယခင် ၁၅ ရာခိုင်နှုန်းအပေါ် ၂၅ ရာခိုင်နှုန်း ပေးဆောင်ပြီးမှ ရရှိလာသည့်အတွက် တန်တူအခွန်ငွေပေးဆောင်ရမှုမှာ တရားမျှတမှုမရှိဟု ယူဆမိသည့်အတွက် ငွေဖြူငွေမဲ အခွန်ပေးဆောင်ရမှုအား ရှင်းရှင်းလင်းလင်းသိရှိလိုပါကြောင်း။
ငွေဖြူပိုင်ဆိုင်သူများအား အခွန်ငွေပေးဆောင်ရာတွင် သက်သာသောနှုန်းထားများအဖြစ် ပေးဆောင်စေ သင့်ပါကြောင်း သို့မှသာ တရားဝင် အခွန်ဆောင်ချင်သော စိတ်ဓာတ်များ ဖြစ်ပေါ်လာပြီး၊ ယဉ်ကျေးမှုတစ်ခု အနေဖြင့် မျှတသော အခွန်စနစ် ဖြစ်ပေါ်လာအောင် မိမိတို့အနေဖြင့် အားပေးရမည်ဖြစ်ပါကြောင်း၊ ၃၇ ရာခိုင်နှုန်းပေးဆောင်ခြင်းသည် ငွေမည်းသမားများနှင့် ငွေဖြူသများများအတွက် မျှတမှု မရှိသည့် အတွက် ဈေးကွက် အတွင်း ရောင်းဝယ်ရာတွင် ယခုကဲ့သို့ အခွန်ကြီးများပေးဆောင်ရမည်ကို မလိုလားကြသည့် အတွက် အရပ်စာချုပ်နှင့် သော်လည်းကောင်း Special Power, General Power ဖြင့်နှင့်သော်လည်းကောင်း လုပ်ဆောင်နေကြရာ နိုင်ငံတော်အနေဖြင့် အခွန်ဝင်ငွေများလည်း ဆုံးရှုံးရပါကြောင်း၊ စီပွားရေးသမားများ အနေဖြင့် ငွေမဲများဖြင့်သာ ရောင်းဝယ်နေကြသည့် အတွက် မြေဈေး၊ အိမ်ဈေးများ အဆမတန် မြင့်တက် လာပြီး နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုများ အနေဖြင့် အခက်အခဲများလည်း ဖြစ်ပေါ်နေပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ထိုကဲ့သို့ မဖြစ်ရအောင် ဝင်ငွေဖော်ပြနိုင်သူ များကို သက်သာသောအခွန်နှုန်းထားများဖြင့် လုပ်ကိုင်နိုင်အောင် ခွင့်ပြု သင့်ပါကြောင်း၊ ငွေဖြူမရှိသူ ငွေမဲ သမားများအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိန်းညှိပေးနိုင်ပါက မတရားဖြစ်ပေါ်နေသော ဈေးနှုန်းများ ငြိမ်ကျသွားနိုင်ပါကြောင်း၊ ထို့အတွက်ကြောင့် တတိယမေးခွန်းအနေဖြင့် ဥပဒေ၊ နည်းဥပဒေ များကို ရေရှည်တည်တံ့နိုင်အောင် ရှင်းလင်းစွာ ထုတ်ပေးစေလိုပါကြောင်း တိုက်တွန်း မေးမြန်း ပါသည်။