(စ)-ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများကိုနိုင်ငံတော် ၏ခွင့်ပြုရန်ပုံငွေဖြင့်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးလုပ်ငန်းသည် နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရား တစ်ခုကို ပုံမှန်လည်ပတ်နိုင်ရေး အတွက် အဓိကလိုအပ်သော အခြေခံအုပ်ချုပ်ရေးအဖွဲ့အစည်းတစ်ရပ်ဖြစ်ပါသော်လည်း ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးရုံးများကို မည်သည့်အစိုးရလက်ထက်ကမျှ အလေးထား တည်ဆောက်ပေးခဲ့ခြင်း မရှိသည်မှာ ယနေ့ချိန်ထိ ဖြစ်ပါကြောင်း၊ ဆင်းရဲနွမ်းပါးသော နယ်စပ်ဒေသရှိ ကျေးလက်ဒေသများတွင် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောက်လုပ်ရသည့်အတွက် ပုံစံမကျခြင်း၊ ခိုင်ခံ့မှုနည်းပါးခြင်း၊ ရုံးဖွဲ့စည်းပုံနှင့် မကိုက်ညီခြင်း အစရှိသော အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့်အပြင် အချို့ဒေသများတွင် ယနေ့အချိန်ထိ ရပ်ကျေး အုပ်ချုပ် ရေးမှူးရုံး လုံးဝ မရှိသေးသည်ကို လည်း တွေ့မြင်နေရပါကြောင်း၊ ဖရူဆို မြို့နယ်တွင် ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စုပေါင်း ၁၄ ခု၊ စုစုပေါင်း ၁၉ ခု သည့်အနက် ထစ်ပေါ်ဆိုနှင့် မြို့မကျေးရွာ အုပ်စုနှစ်ခုသာ အုပ်ချုပ်ရေးမှူးရုံး ဆောက်လုပ်နိုင်ခဲ့ပါကြောင်း၊ အုပ်ချုပ်ရေးမှူးရုံးမရှိသည့်အတွက် အုပ်ချုပ်ရေး ရုံးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ရုံးအသုံး အဆောင်ပစ္စည်းများ ထိန်းသိမ်း ခြင်း၊ ပြည်သူများအား အစည်း အဝေးခေါ်ယူ ကျင်းပခြင်းတို့တွင် အုပ်ချုပ်ရေးမှူးများ၏ နေအိမ်များကို အုပ်ချုပ်ရေးရုံးအဖြစ် အသုံးပြုနေ ရခြင်းကြောင့် များစွာအခက်အခဲရှိပါကြောင်း၊ ထို့ကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးများကို နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ ရှိပါက မည်သည့် အချိန်တွင် ဆောက်လုပ်ပေးနိုင် ပါမည်နည်းနှင့် ဆောက်လုပ်ပေးရန်အစီအစဉ်မရှိပါက မည်သည့်အကြောင်းကြောင့် မရှိသည်ကို သိလို ပါကြောင်းမေးမြန်းပါသည်။