(က)-မိုင်းရယ်မြို့နယ်ရှိ အခြေခံပညာကျောင်း(၁၉)ကျောင်းတွင် ပညာသင်နှစ်နှစ်ဝက်ခန့် (၆) လတာ ကျောင်းအုပ်များ လစ်လပ်နေခြင်းကို ပညာရေးဝန်ကြီးဌာနမှ မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားကြောင်း သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း
ရှမ်းပြည် (မြောက်ပိုင်း) လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း ၆၀ ကျောင်းရှိသည့်အနက် အထက်တန်းကျောင်းတစ်ကျောင်း၊ အလယ်တန်းကျောင်းနှစ်ကျောင်း၊ မူလတန်းကျောင်း စုစုပေါင်း ၁၉ ကျောင်းတို့တွင် ၂၀၁၇ ခုနှစ် ဇူလိုင်လကစပြီး ကျောင်းအုပ်များ လစ်လပ်လျက် ရှိသည်ကိုတွေ့ရှိပါကြောင်း၊ ပညာရေးကဏ္ဍကို အဆင့်မြှင့်တင်နိုင်ရန် ပြောင်းလဲသည့် ခေတ်စနစ်နှင့်အညီ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အချိုးမျှတစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ဝေးလံခေါင်သီပြီး ဖွံ့ဖြိုးမှုနောက်ကျလျက်ရှိသည့် မြို့နယ်များ၏ ပညာရေး တိုးတက်မြင့်မားရေး၊ ၁၀ တန်းအောင်ချက်မြင့်မားရေးတို့ကို ဦးစိုက်ဆောင်ရွက်ရန် လိုအပ်လျက် ရှိပါကြောင်း၊ ၎င်းအခြေအနေတွင် အခြေခံပညာကျောင်းအချို့ ကျောင်းအုပ်များ ကာလတာရှည် လစ်လပ်နေခြင်းမှာ မဖြစ်သင့်ပါကြောင်း၊ မိုင်းရယ်မြို့ပေါ်တွင် အထက်တန်းကျောင်း တစ်ကျောင်းတည်းရှိပြီး ကျောင်းအုပ်လစ်လပ်နေပြီး တာဝန်ခံကျောင်းအုပ်နှင့် ယာယီကျောင်း အုပ်ချုပ်မှုတာဝန်ကို ယူထားရသော်လည်း လစ်ဟာမှုလိုအပ်ချက်များ၊ အခက်အခဲများနှင့် ကြုံတွေ့နေရပါကြောင်း၊ ယနေ့ထိ ၁၀ တန်းစာမေးပွဲများဖြေဆိုရန် အချိန်နီးကပ်လာသည်အထိ ကျောင်းအုပ် မရရှိသေးပါကြောင်း၊ ၁၀ တန်းစာမေးပွဲဖြေဆိုကြမည့် ဒေသခံကျောင်းသား/သူ များအတွက် စိတ်ပူမိပါကြောင်း၊ ဒေသခံပြည်သူများ၊ ကျောင်းသားမိဘများ၊ ဆရာ/မများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ပညာရေးဌာန ကျောင်းအုပ်များ ကာလတာရှည်လစ်လပ် နေခြင်းကို အမြန်ဆုံးခန့်ထားပေးနိုင်ရန် တင်ပြလျက်ရှိသော်လည်း ယနေ့တိုင် ဖြည့်ဆည်းခန့်ထားပေးခြင်း မရှိသေးပါကြောင်း၊
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်ရှိ အခြေခံပညာကျောင်း (၁၉) ကျောင်းတွင် ပညာသင်နှစ် တစ်နှစ်နီးပါးခန့် ကျောင်းအုပ်များ လစ်လပ်နေသည်ကို ပညာရေးဝန်ကြီးဌာနက သိရှိခြင်းရှိ/မရှိ၊ ကျောင်းအုပ်များ အမြန်ဆုံးအစားထိုး ခန့်ထားပေးရန် စီစဉ်ဆောင်ရွက်ခြင်း မရှိသည်ကို သိရသည့်အပြင် မိုင်းရယ်မြို့နယ်အတွင်း အထက်တန်းကျောင်းတစ်ကျောင်း၊ အလယ်တန်းကျောင်းနှစ်ကျောင်း၊ မူလတန်းကျောင်း ၁၆ ကျောင်းမှကျောင်းအုပ်များ တစ်နှစ်နီးပါးခန့် လစ်လပ်လျက် ရှိနေခြင်းသည် ပညာရည်တိုးတက်မြင့်မားရေးနှင့် အောင်ချက်မြင့်မားရေးကိုများစွာ ထိခိုက်စေသည့်အတွက် လစ်လပ်လျက်ရှိသော ကျောင်းအုပ်နေရာများအား ပညာသင်နှစ်မကုန်ဆုံးမီ အမြန်ဆုံးခန့်ထားပေးနိုင်ရေး မည်ကဲ့သို့စီစဉ်ဆောင်ရွက် ထားရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။