(ဂ)-ပြန့်သေကျေးရွာ၊ ဖလံကျေးရွာ၊ သဲဖြူစမ်း ကျေး ရွာနှင့် ကွင်းကြီး သဘော့ ကျေးရွာတို့တွင်သောက် သုံး ရေကန်များ တူးဖော်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်အတွင်းရှိ ရခိုင်ရိုးမတောင်ခြေတွင် အမှီပြုနေထိုင်လျက် ရှိကြသော ပြန့်သေကျေးရွာ၊ ဖလန်ကျေးရွာ၊ သဲဖြူစမ်းကျေးရွာနှင့် ကွင်းကြီးသဘော့ ကျေးရွာများသည် မြို့နှင့်အလှမ်း ကွာဝေးသဖြင့် နွေရာသီကာလတွင် ရေရှားပါးသည့် အခက်အခဲများနှင့် နှစ်စဉ် ကြုံတွေ့လျက်ရှိပါကြောင်း၊ နှစ်စဉ်နှစ်တိုင်း ဧပြီလ၊ မေလ ရေရှားပါးသည့်ကာလ များတွင် အမှတ် (၃၄၄) အမြောက်တပ်နှင့် အကူအညီဖြင့်လည်းကောင်း၊ အုပ်ချုပ်ရေး၊ လူမှုရေး အဖွဲ့အစည်းများ၏ ဝိုင်းဝန်းကူညီ ပံ့ပိုးမှုဖြင့်လည်းကောင်း ငါးမိုင်ခန့်ကွာဝေးသော ငဝန်မြစ်ရေကို ဂွန်ဒေါင်းများ၊ မော်တော် ယာဉ်များနှင့် နှစ်စဉ် သယ်ယူဖြန့်ဝေပေးနေ ရသည့် အတွက် အခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊ သို့ဖြစ်ပါ၍ ရေကြည်မြို့နယ်အတွင်းရှိ ပြန့်သေကျေးရွာ၊ ဖလန်ကျေးရွာ၊ သဲဖြူစမ်းကျေးရွာနှင့် ကွင်းကြီးသဘော့ကျေးရွာတို့တွင် မိုးရေကို သိုလှောင်ထားရှိနိုင်ရေး အတွက် သောက်သုံးရေကန်များ တူးဖော်ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။