(ဃ)-ကျွန်းစုမြို့နယ်၊လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးနှင့်ဝန်ထမ်းအိမ်ရာ များ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17

ဒေါ်တင်တင်ရီ (ကျွန်းစု)တနင်္သာရီတိုင်း ဒေသကြီး ကျွန်းစုမြို့နယ်သည် လက်ရှိဓာတ်အားပေးစက်ရုံ အဆောက်အဦကို ၃၁-၁-၉၇ တွင် လည်းကောင်း၊ ကန့်ဘလူကျေးရွာ အသေးစားရေအားလျှပ်စစ်စက်ရုံကို ၁၉၈၉ ခုနှစ်တွင် လည်းကောင်း စတင်တည်ထောင်ပြီး ၁၀-၇-၉၀ ခုနှစ်တွင် စက်ရုံအောက် 50KV Cross Slow တာဘိုင် ၃ လုံးဖြင့် ၂၄ နာရီ ရေအားကို ဖြန့်ဖြူးပေးခဲ့ပြီး ၂၆-၇-၂၀၁၀ ခုနှစ်မှစ၍ 50KV Cross Slow တာဘိုင် တစ်လုံးနှင့် 75KV  Cross Slow တာဘိုင် ၂ လုံးဖြင့် ကျွန်းစုမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းကို မြို့နယ် မီးလင်းရေးကော်မတီဖြင့် ပေါင်းစပ်ညှိနှိုင်းပြီး တနင်္သာရီ ရေတပ်စခန်းဌာနချုပ် မြို့ပေါ် ၄ ရပ်ကွက်နှင့် ကန့်ဘလူကျေးရွာ၊ ထိန်းချောင်းကျေးရွာတို့ကို မိုးရာသီ ဇွန်လမှ ဒီဇင်ဘာလ အထိ လည်းကောင်း၊ ၂၄ နာရီ နွေရာသီ ဇန်နဝါရီလမှ မေလအထိကို တစ်နေ့ ၅ နာရီနှုန်းဖြင့် လျှပ်စစ် ဓာတ်အားကို ဖြန့်ဖြူးပေး ခဲ့ရာ လျှပ်စစ်ဓာတ်အားသုံးစွဲသူ အိမ်ထောင်စုပေါင်းမှာ ၇၈၆ အိမ်ထောင်စု ဖြစ်ပါကြောင်း၊ အဆိုပါလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းကို မြို့နယ်အင်ဂျင်နီယာရုံးတွင် ၁၀-၇-၉၁ ခုနှစ်မှစ၍ စက်ရုံကို စက်လည်ပြီး လျှပ်စစ်ဓာတ်အားများကို ဖြန့်ဖြူးပေးခဲ့သော်လည်း နေ့တိုင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးခန်းဟူ၍ သတ်မှတ်မှုမရှိဘဲ လျှပ်စစ်ဓာတ်အားပေးစက်ရုံ အတွင်းမှာပင် ဖြစ်သလို ရုံးလုပ်ငန်းကို ဆောင်ရွက်နေကြောင်း၊ အလားတူ ဝန်ထမ်း ၉ ဦးမှာလည်း နေထိုင်စရာအိမ်ရာများကို ဆောက်လုပ်ပေးထားခြင်း မရှိသဖြင့် မိမိအနေဖြင့် အောက်ပါမေးခွန်းများအား မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊

မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးခန်း တစ်ခန်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၏ အိမ်ရာတစ်လုံး၊ ဝန်ထမ်းနှစ်ခန်းတွဲအိမ်ရာ ၃ လုံး၊ မြို့နယ်ရုံး အင်ဂျင်နီယာဝန်ထမ်း နှစ်ခန်းတွဲ အိမ်ရာ ၃ လုံးနှင့် ကန့်ဘလူကျေးရွာရေအား လျှပ်စစ်အလုပ်ရုံခန်း အတွက် ရုံးခန်းတစ်ခန်း အမှန်တကယ် လိုအပ်နေသည့် အတွက် အထက်ဖော်ပြပါ အဆောက်အဦရုံးခန်းတွင် အိမ်ရာများကို ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်ရှိပါကမည်သည့်အချိန်တွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်း ပါသည်။