(င)-ကလေးမြို့တွင်ကျောက်မီးသွေးသုံးစက်ဖြင့်လျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့်ဒေသ၊ နေ့ ရက်နှင့် အမျိုးအစားတူ စက်မျိုး ဟုတ်/မဟုတ် နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17

ဦးစိုးသိမ်း (ကလေးဝ)ကလေးဝမြို့နယ်တွင် မဟာဓာတ်အားလိုင်း ဓာတ်အားဖြည့်ရန်နှင့် ဘိလပ်မြေ စက်ရုံအတွက် ဓာတ်အား ထုတ်လုပ်နိုင်ရန် အတွက် နိုင်ငံခြား ကုမ္ပဏီနှင့် မြန်မာနိုင်ငံပိုင် ကုမ္ပဏီတို့မှ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်မည်ဖြစ်သည်ကို သိရှိရပြီး ထိုကဲ့သို့ တည်ဆောက် ရာတွင် သမ္မတကြီးဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ လေ့လာခဲ့သော ဂျပန်ပြည်မှ ထုတ်လုပ်သည့် စက်အမျိုးအစားများ၊ ပတ်ဝန်းကျင်ထိ ခိုက်မှု နည်းပါးသည့် စက်အမျိုးအစားများကိုသာ ဒေသခံတို့ အနေဖြင့် လိုလားလျှက် ရှိနေကြ ပါကြောင်း၊ ယင်းအကြောင်းကို တင်ပြရခြင်းမှာ ကလေးဝမြို့တွင် ကျောက်မီးသွေး တွင်း ရှိပြီး လမ်းစဉ် ပါတီခေတ်က ကျောက်အုံ လျှပ်စစ်ဓာတ်အားစက်ရုံမှ ကလေးမြို့အထိ ဓာတ်အားများ ထုတ်လုပ်ခဲ့ပါကြောင်း၊ ယင်းလျှပ်စစ် ထုတ်လုပ်မှုကြောင့် ဆိုးကျိုးများစွာကို မိမိတို့ မသိနားမလည်ခဲ့ရသော်လည်း ယနေ့ မိမိတို့ လေ့လာထားမှုအရ စက်ရုံ၏ ပတ်ဝန်းကျင်တွင် အမှုန်အမွှားများကျရောက်ပြီး သစ်ပင်များစိုက်ပျိုး မရနိုင်တော့ခြင်းများ ကြုံတွေ့ခဲ့ရပါကြောင်း။

ယနေ့ ပညာရှင်များနှင့် မီဒီယာများ၏ ဖော်ပြရေးသားချက်များအရ ထုတ်လုပ်မှုနှင့် ပတ်သက်၍ ကျောက်မီးသွေး မှဖြစ်ပေါ်လာမည့် အန္တရာယ်ဆိုးကျိုး၊ ကျန်းမာရေးနှင့် ထိခိုက်မှုများကိုလည်း မီဒီယာများမှ တစ်ဆင့် သိနေကြရာ ယခု ထုတ်လုပ် တည်ဆောက်မည့် ကျောက်မီးသွေး စက်ရုံသည် ကလေးဝမြို့နယ်၏ မည်သည့်နေရာတွင်ထားရှိပြီး မည်သည့်အချိန်တွင် တည်ဆောက်မည်ကို သိလိုပါကြောင်း၊ အဆိုပါကိစ္စကို ပြီးခဲ့သည့် လွှတ်တော် အစည်းအဝေးတွင် မေးမြန်းခဲ့သော်လည်း “မြေဖယ်ပေးရသည့် လူတွေတောင်မှ မြေနေရာ မရဘဲ အခု တစ်ခါထပ်ပြီးတော့ မြေဖယ်ပေးရဦးမလား” ဆိုသည့် သံသယ စိတ်ကလေး များ ဝင်နေသည့်အတွက်ကြောင့် ဆက်လက်မေးမြန်း ရခြင်းဖြစ်ပါကြောင်း၊ ကြိုတင်စီစဉ်နိုင်ရန်နှင့် ကူညီ ပံ့ပိုးဖြေရှင်းပေးနိုင်ရန် မည်သည့်နေရာဖြစ် မည်ကို  သိရှိလို၍   အောက်ပါမေးခွန်းများကိုမေးမြန်း ရခြင်းဖြစ်ပါကြောင်း၊

  • ကလေးဝမြို့နယ်တွင် တည်ဆောက်မည့် ကျောက်မီးသွေးစက်ရုံသည် နိုင်ငံံ့ခေါင်းဆောင်ကြီးများ၊ လေ့လာ သုံးသပ် ကြည့်ရှု့ခဲ့သော စက်အမျိုးအစားများနှင့် တည်ဆောက်နိုင်ပါသလား။
  • ကလေးဝ မြို့နယ်၏ မည်သည့် နေရာ၌တည်ဆောက်ပြီး မည်သည့်ခုနှစ်တွင် တည်ဆောက်မည်ကို သိရှိလို ပါကြောင်း မေးမြန်း ပါသည်။