(စ)-ပုဂံညောင်ဦးမြို့နယ်တွင် လျှပ်စစ်မြစ်ရေတင်(၅)ခု ၏ မီတာ ထိန်းသိမ်းစောင့်ရှောက်ခနှင့် မီတာခများ ကို(၅၀)ရာခိုင်နှုန်းထိလျှော့ချပေးနိုင် ခြင်းရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17

ဦးအောင်ကြိုင် (ညောင်ဦး) မန္တလေးတိုင်းဒေသကြီး၊ ပုဂံ-ညောင်ဦးမြို့နယ်တွင် လျှပ်စစ်မြစ်ရေတင် ၅ ခု ရှိပါကြောင်း၊ ယခင်က နိုင်ငံတော်အကြီးအကဲများအနေဖြင့် ကျေးလက်နေ လူတန်းစားများ ဘဝ မြှင့်တင်ရေးနှင့် ဆင်းရဲ နွမ်းပါးမှု လျော့ချရေး အတွက် လည်းကောင်း၊ ဒေသဆန်ဖူလုံရေး အတွက်လည်းကောင်း၊ ဆီထွက်သီးနှံများ စိုက်ပျိုးသည့် သဲဆန်သော မြေပေါ်တွင် မြေပြုပြင်၍ ဘောင်များခတ်ကာ စပါးများ စိုက်ပျိုးခဲ့သော်လည်း  မီတာခများ တိုးလာခြင်း၊ မီတာထိန်း သိမ်းစောင့်ရှာက်ခ တစ်နှစ် သိန်း ၁၅၀၀ ကျခြင်း၊  တောင်သူလယ် သမား များ ထံမှ  ကောက်ခံရငွေနှင့် အရှုံးပေါ်နေခြင်းတို့ကြောင့် လျှပ်စစ်မြစ်ရေ တင် လုပ်ငန်း များကို ရပ်ရတော့မည့် အနေအထား ဖြစ်နေပါကြောင်း၊ တောင်သူ လယ်သမားများ မှာလည်း မူလက သဲဆန်သောမြေကို စပါး စိုက်နိုင်အောင် မြေပြု ပြင်ခြင်း၊ လေးဘောင်များ ပြုလုပ်ရခြင်းဖြင့် အကုန်အကျ များစွာ ခံပြီး စပါးစိုက်လာခဲ့ကြရာ ယခု တွက် ခြေကိုက်သော အခါမှ ရပ်တန့်ပြီး အခြားသီးနှံများကို စိုက်ရမည့်အနေအထားဖြစ်နေပါကြောင်း၊ စပါးကတွက်ခြေ ကိုက်နေ၍ စပါးကိုပင် စိုက်ချင်ကြသောကြောင့် ကြာရှည်စိုက်ပျိုးနိုင်စေရန် အတွက်လည်းကောင်း၊ ဌာနမှလည်း အရှုံးမပေါ်စေရန် အတွက် လည်းကောင်း၊ တောင်သူလယ်သမားများအား ထောက်ထားညှာတာသောအားဖြင့် မီတာ ထိန်းသိမ်းစောင့်ရှောက် ခနှင့် မီတာခများကို ၅၀ ရာခိုင်နှုန်းအထိလျော့ချ ပေးနိုင်/မပေးနိုင် သိရှိလိုပါကြောင်း မေးမြန်းပါသည်။