(ဂ)-မြောက်ယမားဆည် လက်ယာ တူးမြောင်း ရေသောက် ဧရိယာ ဧက ၉၀၀၀ စီမံကိန်းအား ရပ်ဆိုင်းရန်နှင့် စပ်လျဉ်းသည့် မေးခွန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲ မြို့နယ်ရှိ မြောက်ယမားဆည် လက်ယာ တူးမြောင်းရေသောက် ဧရိယာ ဧက ၉၀၀၀ စီမံကိန်းအား မူလပထမရေး ဆွဲထားသည့် စီမံကိန်းအစီအစဉ် မြေပုံဟောင်းအတိုင်း ဖောက်လုပ်နေခြင်း မဟုတ်ပါကြောင်း၊ မြေပုံဟောင်းအရဆိုပါက ယခုထက်ပို၍ ရေသောက် ဧရိယာ ဧက ပိုမိုရရှိနိုင်သော်လည်း ယခုဖောက်လုပ်နေသော လုပ်ငန်းစဉ်အရ ဆိုပါက ရေသောက်ဧရိယာ များစွာလျော့ပါးသွားမှာလည်း ဖြစ်ပါကြောင်း၊ စာရင်းကိန်း ဂဏန်း အရ ရေသောက်ဧရိယာ ဧက ၉၀၀၀ ဟုဆိုသော်လည်း ရေရရှိနိုင်မှု အနေအထားမရှိသော လယ်ယာမြေ ဧရိယာ ဧက၂၀၀၀ ခန့်ရှိနေပါကြောင်း၊ လက်ယာတူးမြောင်း မဖောက်မီက ဒေသ၏ ရေစီးရေလာသည် ကောင်းမွန် ခဲ့ပြီး နှစ်စဉ် စိုက်ပျိုး အောင်မြင်လျက် ရှိသော မိုးစပါး စိုက်ပျိုးမြေ ဧရိယာသည် ဧက ၄၀၀၀ ခန့်ရှိပြီး ကျေးညင်းကြီးရွာ၏ အနောက်ဘက်ရှိ ဘဲဆည်မှ ဆည်ရေသောက်ပြီးလည်း စိုက်ပျိုးနိုင်ခဲ့ပါကြောင်း၊ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုကြောင့် တိုးတက်ပြီး ရေရရှိလာမည့် ဧရိယာဧကသည် ၂၀၀၀ မှ ၂၅၀၀ ခန့်သာရှိသော်လည်း လက်ယာတူးမြောင်း စီမံကိန်း စတင် ဆောင်ရွက်လိုက်သည့် အတွက်ကြောင့် လက်ရှိအောင်မြင်ဖြစ်ထွန်း နေသော ဧက ၇၀၀၀ခန့် ပျက်စီး ဆုံးရှုံး သွားပြီ ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ပျက်စီးဆုံးရှုံးသွားသော လယ်ယာမြေများသည် တောင်သူလယ်သမား မိသားစုတွေအတွက် ပြန်လည်အစားထိုးမရနိုင်သော ဆုံးရှုံးနစ်နာမှုများဖြစ်သည့်အတွက် ယခုဆောင်ရွက်နေတဲ့ စီမံကိန်းကို ဆက်လက် ဆောင်ရွက်ရန် သင့်/မသင့် ကို ဒေသများ၏ အသံကို နားထောင်ပြီးမှ လေ့လာဆန်းစစ်၍ ဆက်လက်လုပ်ဆောင်သင့်ပါကြောင်း၊ လက်ယာ တူးမြောင်း စီမံကိန်း ဖော်ဆောင်နေဆဲ ကာလတွင်လည်း တူးဖော် ဖောက်လုပ်ခံထားရတဲ့ နေရာဒေသများတွင် သဘာဝရေမြောင်းများ၊ သဘာဝဆည်များနှင့် နှစ်စဉ်မိုးစပါး စိုက်ပျိုး လုပ်နိုင်သော ရေလမ်းများ ဆုံးရှုံးကာ ကန့်လန့်ဘောင်၏ အောက်ဘက်တွင်ရှိသော မိုးစပါး ရေသောက်ကွင်းများသည် သဘာဝမိုးရေကို လုံလောက်စွာမရနိုင်သော အခြေအနေတွင် ရှိနေသည့်အပြင် ကန့်လန့်ဘောင်၏ အထက်ဘက်တွင်လည်း မူလ ရေလမ်းကြောင်းများ ပိတ်ဆို့ ကုန်သည့်အတွက်ကြောင့် သီးနှံများ ရေနစ် ပျက်စီးဆုံးရှုံးမှုများကြုံတွေ့ရမှာ ဖြစ်ပါကြောင်း၊ ရေဆိုးထွက် ပေါက်တွေ ပြလုပ်ထားသော်လည်း ယခုနှစ် မိုးသည်းထန်စွာရွာခဲ့သည့် အချိန်က ကန့်လန့်ဘောင်၏အထက်ဘက် ကြောင်သန်းရွာ ရေနစ်မြုပ်ပြီး ရေဘေးဒုက္ခတွေ ဖြစ်ခဲ့ရပါကြောင်း၊ ထို့ကြောင့် လက်ယာ တူးမြောင်းစီမံကိန်းသည့် အောင်မြင်မှု ခန့်မှန်းချက် တိုးတက်ရန်ထက် ဆုံးရှုံးထိခိုက်နိုင်သည်ကတော့ ခန့်မှန်းသည်ထက် ပိုနိုင်ပါကြောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာငွေ အမြောက်အမြား အကုန်ကျခံပြီး စီမံကိန်းများဖော်ဆောင်သည့်အခါ ဘဏ္ဍာငွေသုံးစွဲရသည့် ပမာဏ၊ ဒေသခံပြည်သူများကို အကျိုးဖြစ်ထွန်းစေသည့် ပမာဏ၊ စီမံကိန်းကြောင့်ဖြစ်ပေါ်လာသော ထိခိုက် ဆုံးရှုံးမှု၊ စီမံကိန်းအပေါ် ဒေသခံများ၏ လက်ခံမှုနှင့် တုံ့ပြန်မှုစသည်တို့ကို အသေးစိတ် လေ့လာပြီးမှ လုပ်ဆောင်သင့်/မသင့်ကို စဉ်းစားဆုံးဖြတ်ရမှာဖြစ်ပါကြောင်း၊ ပြည်သူများ အကျိုး ဖြစ်ထွန်းမှု နည်းပြီး နိုင်ငံတော်၏ ဘဏ္ဍာငွေ သုံးစွဲရသော ပမာဏက များကာ နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းမှုနည်းပါးသည့် အတွက်ကြောင့် မြောက်ယမားဆည် လက်ယာတူးမြောင်း ဖောက်လုပ်ခြင်းစီမံကိန်းကို ဆက်လက်ဆောင်ရွက်ရန် မသင့်တော်ကြောင်း၊ ထိုကြောင့် ရပ်ဆိုင်းရန်အစီအစဉ်ရှိ/မရှိနှင့် ဒေသခံများ၏ အကျိုးစီးပွားကို မည်ကဲ့သို့ ကာကွယ် စောင့်ရှောက်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။