(က)-အစိုးရဌာနဆိုင်ရာများတွင် လုပ်သက် (၁၀)နှစ်နှင့်အထက်ရှိပြီးအပြစ်မရှိဘဲအကြောင်း အမျိုးမျိုးကြောင့် နှုတ်ထွက်ခဲ့ကြရသော နိုင်ငံ့ဝန် ထမ်းဟောင်းများအား ပင်စင်လစာခံစားခွင့် ရှိ/မရှိ အစီအစဉ်နှင့် စပ်လျဉ်းသည့် မေးခွန်း
အချို့ သောဌာနဆိုင်ရာဝန်ထမ်းများမှာ ရိုးသားဖြောင့်မတ်ပြီး နိုင်ငံတော် ၏ ကျေးဇူး သစ္စာကို စောင့်သိ ရိုသေလျက် အထက်ကပေးအပ်သည့် တာဝန် ဝတ္တရားများကို မခိုမကပ်ဘဲ ကြည်ဖြူစွာ ထမ်းဆောင်ခဲ့ကြ ပါကြောင်း၊ ၎င်းတို့ရဲ့ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့မှုများကြောင့် နိုင်ငံတော်က ချီးမြှင့်သော ဂုဏ်ထူးဆောင် တံဆိပ်နဲ့ လက်မှတ်များကိုလည်း ရရှိခဲ့ကြပါကြောင်း၊ သို့ရာတွင် တာဝန် ထမ်းဆောင်စဉ်မှာ မိသားစုများနှင့် ကာလကြာရှည်စွာ ခွဲခွာနေရခြင်းကြောင့်သော်လည်းကောင်း၊ မိသားစုစားဝတ်နေရေး ခက်ခဲမှုများကြောင့် သော် လည်းကောင်း၊ အုပ်ချုပ်သူအထက်အရာရှိများ၏ မလျော်သြဇာသုံးပြီး မတော်မတရား ခိုင်းစေမှုများကြောင့်သော် လည်းကောင်း စသည့်အကြောင်းအမျိုးမျိုးကြောင့် စိတ်ပျက် အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့မှအစ မခံ မရပ်နိုင်ဖြစ် ကြရာမှ နောက်ဆုံးတွင် ဝန်ထမ်းအဖြစ်မှ နှုတ်ထွက်ခဲ့ကြရသူများ နိုင်ငံနှင့်အဝှမ်း ကြားသိတွေ့မြင်နေ ကြရပါကြောင်း။
ယင်းကဲ့သို့ နိုင်ငံတော်အတွက် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ရသော်လည်း အကြောင်း အမျိုးမျိုးကြောင့် နှုတ် ထွက် ခဲ့ရပြီး ခံစားခွင့်တစ်စုံတရာ မရရှိသည့် နိုင်ငံ့ဝန်ထမ်းဟောင်းများ အများအပြားရှိနေနိုင်ပါကြောင်း၊ ထိုသို့သောပုဂ္ဂိုလ်မျိုးကို နိုင်ငံတော်အနေနဲ့ လစ်လျူရှုမထားဘဲ ထိုက်သင့်သောခံစားခွင့်နှင့် စောင့်ရှောက်မှုများ ရရှိရေးအတွက် ပြန်လည်စဉ်းစားပေးသင့်သည်ဟု မိမိအနေဖြင့် ယူဆမိပါကြောင်း။
သို့ဖြစ်ပါ၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် အောက်ပါမေးခွန်းများကို မေးမြန်းလိုပါကြောင်း၊ အစိုးရဌာန ဆိုင်ရာများတွင် လုပ်သက် ၁၀ နှစ်နှင့်အထက်ရှိပြီး အပြစ်အနာအဆာတစ်စုံတရာမရှိဘဲ အကြောင်း အမျိုးမျိုးကြောင့် နှုတ်ထွက်ခဲ့ရသော နိုင်ငံံ့ဝန်ထမ်း ဟောင်းများအား ပင်စင်လစာခံစားခွင့်ရှိ/မရှိနှင့် အကယ်၍ မရှိပါက မည်သည့်အကြောင်းကြောင့်မရှိ သည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။