(ဂ)-၁၉၇၄ခုနှစ်၊ဝင်ငွေခွန်ဥပဒေပုဒ်မ-၄၃၌ ပြဋ္ဌာန်း ချက်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါပြဋ္ဌာန်း ချက်များနှင့် ညီညွတ်ခြင်းရှိ/မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း

2020-12-17

၁၉၇၄ ခုနှစ် ဝင်ငွေခွန် ဥပဒေ ပုဒ်မ ၄၃တွင် “မြို့နယ်အခွန်ဦးစီးဌာနမှူး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် ကုမ္ပဏီများ ဆိုင်ရာ အခွန်ရုံးဌာနမှူးတို့သည် ပုဒ်မ ၇ အရ ဖွဲ့စည်းထားသော အဖွဲ့နှင့် လွှဲအပ် တာဝန်ပေးအပ်ခြင်းခံရသော ပုဂ္ဂိုလ်နှင့်အဖွဲ့များသည် ဤဥပဒေပါ လုပ်ပိုင်ခွင့်များကို ကျင့်သုံး ဆောင်ရွက်ရာတွင် တရားမကျင့်ထုံးဥပဒေအရ တရားရုံးသို့အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ရရှိစေရမည်။ ထို့အပြင် ယင်းပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့များအားလုပ်ငန်းဆိုင်ရာ တရားရုံးဖြစ်သည်ဟု မှတ်ယူရမည်” ဟု ဖော်ပြထားပါကြောင်း။

ထို့ပြင် တရားစီရင်ရေးအဖွဲ့များ၏ လုပ်ပိုင်ခွင့်ကိုလည်း သီးခြားပြဋ္ဌာန်းထားသည်ကို လည်း တွေ့ရှိရပါကြောင်း၊ ယင်းပြဋ္ဌာန်းချက်တွင် ၂၀၁၁ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၂၀ အရ အစားထိုး ပြင်ဆင်ထားသည့် ပြဋ္ဌာန်းချက်ဖြစ်သည့် ၁၉၇၄ ခုနှစ်မှာ ဥပဒေကိုစတင်ပြဋ္ဌာန်းစဉ်ကတည်းက တည်ရှိခဲ့သော မူလဥပဒေပုဒ်မ ၄၃ မှာ အောက်ပါအတိုင်းဖြစ်ခဲ့ပါကြောင်း။

“ပုဒ်မ ၇ အရ အစိုးရက တာဝန်လွှဲအပ်ထားသောအဖွဲ့များသည် ဤဥပဒေအရ အမှုကိစ္စဆောင်ရွက်ရာ တွင် တရားစီရင်ရေးအဖွဲ့များ၏ လုပ်ပိုင်ခွင့်များရှိစေရမည်။ ထို့အပြင် ယင်းအဖွဲ့များအား လုပ်ငန်းဆိုင်ရာ တရားစီရင်ရေး အဖွဲ့များဟု မှတ်ယူရမည်” ဟု ပါရှိပါကြောင်း။

ထို့ကြောင့် မူလက တရားစီရင်ရေးအဖွဲ့၏ လုပ်ပိုင်ခွင့်များရှိစေရမည်ဟု ပြဋ္ဌာန်းထားခဲ့သည်ကို ပထမကျင့်ထုံး ဥပဒေအရ တရားရုံးသို့အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ရရှိစေရမည်ဟု ပိုမိုတကျစွာ လုပ်ပိုင်ခွင့် ပေးထား သည်ကို တွေ့ရှိရပါကြောင်း။ လုပ်ငန်းစဉ်ဆိုင်ရာ တရားရုံးဖြစ်သည် ဆိုသည်မှာ မူလ ကတည်းက လက်ရှိအားဖြင့် အပြောင်းအလဲမရှိကြောင်း တွေ့ရှိရမည်ဖြစ်ရာ ယင်းပြဋ္ဌာန်းချက်များကို သိရှိနားလည်ပြီး ဖြစ်ပါက သက်ဆိုင်ရာ ဝန်ကြီးဌာန လက်အောက်မှာရှိ  အုပ်ချုပ်မှုဆိုင်ရာဝန်ထမ်းများကို တရားစီရင်ရေး အာဏာများ အပ်နှင်း ထားခြင်းဖြစ်သည့်အတွက် ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်းမရှိကြောင်း Unconstitutional  ဖြစ်ကြောင်း တွေ့နေရပါသည်။

ဆက်လက်၍ ၂၀၀၈ ခုနှစ် ဥပဒေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၆)၊ တရားစီရင်ရေးများ ဖွဲ့စည်းခြင်း ပုဒ်မ ၂၉၃ တွင် တရားစီရင်ရေး နိုင်ငံတော်၏ တရားစီရင်ရေးများဆိုင်ရာရုံး များကို အောက်ပါအတိုင်း ဖွဲ့စည်းသည်ဟု အသေးစိတ်ဖော်ပြထားပါကြောင်း၊ ပုဒ်မ ၂၉၉ ပုဒ်မခွဲ(က)တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌သာရှိသော မူလစီရင်ပိုင်ခွင့် အာဏာများကိုဖော်ပြထားပြီး၊ အပိုဒ် ၄ တွင်လည်း တရားဥပဒေတစ်ရပ်ရပ်အရ သတ်မှတ် ထား သောအခြားကိစ္စများကို ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ ဆိုလိုသည်မှာ ဝင်ငွေခွန် ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ၊ မြန်မာနိုင်ငံတံဆိပ်ခေါင်းခွန်ဥပဒေ စသည့် ဒီဥပဒေသုံးမျိုးသည် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို တင်သွင်းလာသော လွှဲအပ်မှုများ၊ အယူခံမှုများအရ စီရင်ပိုင်ခွင့် ရှိသည်ကို ရည်ညွှန်း ထားခြင်းသာဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရည်ညွှန်းထားချက်နှင့် ယခု မိမိမေးမြန်းသော မေးခွန်း ကွဲလွဲနေသည့် အကြောင်း ရှင်းလင်းတင်ပြရခြင်းဖြစ်ပါကြောင်း။

၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၆) ပုဒ်မ ၂၉၃ တရားရုံးများ ဖွဲ့စည်းခြင်း ဆိုသည့် ခေါင်းစဉ်အောက်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီး တရား လွှတ်တော်များ သို့မဟုတ် ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတရားရုံး၊ ခရိုင်တရားရုံး၊ မြို့နယ်တရားရုံး၊ ဥပဒေအရ တည်ထောင်ထားသော အခြားတရားရုံးများ၊ စစ်ဘက်ဆိုင်ရာတရားရုံးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးတို့ကို သာ ဖော်ပြထားခြင်းဖြစ်ပြီး လုပ်ငန်းဆိုင်ရာတရားရုံးများ၊ တရားရေးဆိုင်ရာရုံး အသီးသီးတွင် လုံးဝမ ပါရှိကြောင်း တွေ့ရှိရပါသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှု ရှိမရှိ သိရှိလိုပါကြောင်း မေမြန်းပါသည်။