(ခ)-မြန်မာနိုင်ငံရှိ ကျွန်းနှင့် ကိုင်းမြေများတွင် မြေပဲစိုက်တောင်သူများ အရှုံးပေါ်နေခြင်းနှင့် ပတ်သက်၍ နောင်နှစ်များတွင် အရှုံးပေါ်မှုမှ ကင်းလွတ်အောင် နိုင်ငံတော်မှ မည်သို့ဆောင်ရွက်ရန် အစီအစဉ် ရှိသည်ကို သိရှိလိုသည် နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-17

ဦးကိုကြီး (အောင်မြေသာစံ)မြန်မာနိုင်ငံတစ်နံတစ်လျားတွင်ရှိသော ဧရာဝတီဝဲယာ၊ ချင်းတွင်းဝဲယာ၊ စစ်တောင်းမြစ်ဝဲယာတို့မှ နှစ်စဉ် ဝါဆို၊ ဝါခေါင်တွင် ရေကြီးပြီးရေမြုပ်တတ်ပါကြောင်း၊ အကျယ်အဝန်းအားဖြင့် ဧကလည်းများပြီး ၎င်းအရပ်ဒေသများ သည် ရေကျပြီဆိုလျှင် နုန်း များ တင်ကျန်ရစ်ပြီး မြေပဲစိုက်ပျိုးမှုု ဖြစ်ထွန်းစေပါသည်။ ၂၀၁၃-၁၄ ခုနှစ်တွင် စိုက်ပျိုးချိန်၊ စိုက်ပျိုးပြီးသည့်ကာလတွင် မိုးခေါင်ပြီး ဆောင်းတွင်းကာလ နှုတ်သိမ်းချိန်တွင် အအေး ပိုခြင်းတို့ကြောင့် မြေပဲအထွက်နှုန်း အတော်လေးလျောပါးခဲ့ပါကြောင်း ၊ မြေပဲတစ်တင်းတွင် ထွက်ရှိသည့်နှစ်တွင် တင်း ၅၀၊ ၆၀ ထွက်ပြီး ယခု  ၂၅ တင်း ခန့်သာ စိုက်ပျိုးထွက်ရှိပြီး ၅၀ ရာခိုင်နှုန်းခန့် အထွက်လျော့နည်းခဲ့ပါကြောင်း၊ နောက် မြေပဲဈေးနှုန်း ကောင်းဖို့ အားကိုးရသည့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့မှ ဝယ်လက် များ အထူးလျော့ပြီး  မြေပဲအလုံးဆံဈေးနှုန်းမှာ မနှစ်က တစ်ပိဿာ ၂၂၀၀ မှ ယခု ၁၆၀၀ ထိအောင်ကျဆင်းခြင်း၊ ဆီစက်လုပ်ငန်းများကလည်း စားအုန်းဆီဈေးချိုပြီး ပဲဆီဈေးနှုန်းကို တစ်ပိဿာ ၃၀၀၀ ထက်ပိုပြီး ဈေးတက်မရသည့်အတွက် ဆီကြိတ်မြေပဲဆံများကို တစ်ပိဿာ ၁၄၀၀၊ ၁၅၀၀ သာ ဈေးပေးနိုင် ပါကြောင်း၊ ယမန်နှစ်က မိမိတို့ မြေပဲဆံကုန်ကြမ်း ဆီကြိတ်မြေပဲဆံ တစ်ပိဿာ ၁၇၀၀ ထိရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ယခုနှစ် တောရွာများမှာ မြေပဲအတောင့်သည် မနှစ်က တစ်တင်းကို ၇၀၀၀ ရှိရာ မှ ယခု ၃၀၀၀၊ ၄၀၀၀ ကျပ်သာရှိပါကြောင်း၊ ၎င်း စိုက်ပျိုးချိန်တွင် မြေပဲမျိုးဆံတစ်တင်းကို ၃၀၀၀၀ ကျပ်ပေးရပြီး ဓာတ်မြေသြဇာ တရုတ်ယူရီးယားအုပ်စု တစ်အိတ်ကို ၁၆၅၀၀ နှင့် ၃၀၀၀၀ ကျပ်ထိအောင်ပေးရပြီး အလုပ်သမားခ၊ ထွန်ယက်ခ ထည့်တွက်မည်ဆိုလျှင် ကုန်ကျစရိတ်စုစုပေါင်း ၁၅၀၀၀၀ ခွဲခန့် မြေပဲတစ်တင်း စိုက်ကို အရင်းကျရှိပါကြောင်း၊ မြေပဲတစ်တင်းစိုက်ကို ၃၀၀၀၊ ၄၀၀၀ နှင့် ရောင်းဈေး မြေပဲတစ်တင်းစိုက် ၂၅ တင်း အထွက်နှုန်းနှင့် တွက်မည်ဆိုလျှင် မြေပဲတစ်တင်း စိုက်ကို ၅၀၀၀၀ ကျပ် တောင်သူတစ်ယောက် ရှုံးနေပါကြောင်း၊ မြေပဲစိုက်တောင်သူ အလတ်စားတစ်ဦးသည် ၁၀ တင်းလောက်စိုက်မည်ဆိုလျှင် ငါးသိန်းလောက်ရှုံးနေပါကြောင်း၊ ဒီအတိုင်းသာ ဆက်သွားမည်ဆိုလျှင် နှစ်နှစ်၊ သုံးနှစ်ခန့် မြေပဲ စိုက်တောင်သူ များသိသာထင်ရှားစွာ လျော့လာပါကြောင်းနှင့် ပြည်တွင်းစားသုံးရန်အတွက် အားထားရသည့် မြေပဲဆီအထူး ရှားပါးမှုဖြစ်လာပြီး ပြည်ပမှတင်သွင်းမှုကို လုံးဝအားကိုးရသည့် အခြေအနေကို ရောက်သွားနိုင်ပါကြောင်း၊ နိုင်ငံတော် မှ မြေပဲစိုက်တောင်သူများကို မည်သို့ကူညီနိုင်ပါသနည်းနှင့် နောက်နှစ်၊ နောက်နှစ်များတွင် မြေပဲပိုမိုစိုက်ပျိုးလာအောင် မည်ကဲ့သို့ ဆွဲဆောင်မှုနှင့် အကူအညီ ပေးမှုများ လုပ်ပေးဖို့အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။