(ခ)-ပေါင်မြို့နယ်အတွင်းရှိ ကျေးရွာများ အနီးတွင် ပေါ်ထွန်းနေသော မြေနုကျွန်း လယ်မဲ့ယာမဲ့တောင်သူများကို ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေနှင့်အညီ ခွဲဝေပေးခြင်း မရှိဘဲ မြို့နယ် လယ်/စီအဖွဲ့အပေါ် မည်သို့အရေးယူဆောင်ရွက်ပေးမည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17

ပေါင်မြို့နယ်အတွင်းရှိ ကျေးရွာများ အနီးတွင် ပေါ်ထွန်းနေသော မြေနုကျွန်း (သောင်နုမြေ) များအား လယ်မဲ့ယာမဲ့တောင်သူများကို ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေနှင့်အညီ ဦးစားပေးခွဲဝေပေးခြင်း မရှိဘဲ နီးစပ်ရာ အခြားသော ပြင်ပပုဂ္ဂိုလ် အဖွဲ့အစည်းများကို လုပ်ပိုင်ခွင့်ပြုခဲ့သည့် မြို့နယ် လယ်/စီအဖွဲ့ အပေါ် မည်သို့အရေးယူဆောင်ရွက်ပေးမည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

ပေါင်မြို့နယ်အတွင်း ပြည်နယ်နှင့်နီးစပ်သော ကျေးရွာများတွင် နှစ်စဉ်နှစ်တိုင်း မြေနုကျွန်းများ ပေါ်ထွန်းလျက်ရှိပါကြောင်း၊ တစ်နှစ်မှာဆိုလျှင် အနည်းဆုံးဧက ၅၀ မှ ၅၀၀ နီးပါးအတွင်းဖြစ်ပေါ်ပြီး စနစ်တကျ တိတိကျကျ တိုင်းထွာထားခြင်းမရှိပါကြောင်း၊ ကျေးရွာလယ်/စီအဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး လက်သိပ်ထိုး နီးစပ်ရာပုဂ္ဂိုလ်များနှင့် အခကြေးငွေယူ၍ အဖွဲ့အစည်းများကို ဧကရာချီခွဲဝေပေးနေရာသည်ကိုလည်း တွေ့ရှိခဲ့ရပါကြောင်း၊ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ အခန်း(၁၂) ပုဒ်မ ၁၀၅ အပိုဒ်ခွဲ(က)၊ (ခ)၊ (ဂ)၊ (ဃ)၊ ပုဒ်မ ၁၀၆ တွင် ဖော်ပြထားသည်မှာ မြေနုကျွန်းနှင့်နီးစပ်သော ကျေးရွာများကို သတ်မှတ်ပြီး ကျေးရွာမှ စီးပွားရေး စစ်တမ်းအရ ထွန်ယက်စိုက်ပျိုးနိုင်သည့် အင်အားရှိသော လယ်မဲ့ယာမဲ့များ၊ သူရင်းများနှင့် လယ်ယာလုပ်သား များကို ဦးစားပေးရွေးချယ်ပြီး မဲစနစ်နှင့် တစ်ဦးကို ၅ ဧကစီ ခွဲဝေရမည်ဟု ဖော်ပြထားပါကြောင်း၊ လယ်မဲ့ဘဝမှ လယ်ပိုင်ရှင်ဘဝကို ရောက်ရှိစေလိုသည့် ရည်ရွယ်ချက်ဖြစ်ပါကြောင်း၊ ဥပဒေတွင် အခိုင်အမာ ပြဋ္ဌာန်းထားပါသော်လည်း တကယ်လက်တွေ့အောက်ခြေမှာ ကွာခြားနေပြီး နီးစပ်ရာ ကျေးရွာမှမဟုတ်ဘဲ ဝေးလံသော ပြင်ပပုဂ္ဂိုလ်များ လာရောက်၍ တစ်ဦးတစ်ဖွဲ့မှ ဧကရာချီပိုင်ဆိုင်ထားပြီး တချို့ကမူ အဖွဲ့အစည်းအမည်ဖြင့် ဧက ၃၀၀၊ ၄၀၀ ယူထားသည်ကို တွေ့ရှိခဲ့ရပါကြောင်း၊

လယ်ယာမြေဥပဒေ အခန်း(၁၃) အထွေထွေအခန်း ပုဒ်မ ၄၀ တွင် ဤဥပဒေနှင့်အညီဖြစ်စေ၊ ဤဥပဒေအရဖြစ်သည်‌့ နည်းဥပဒေများနှင့်အညီဖြစ်စေ၊ သဘောရိုးဖြင့်ဆောင်ရွက်သည်‌့ ကိစ္စအရပ်ရပ်အတွက် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်ရှိ အဖွဲ့ဝင်များကို မည်သည့်တရားရုံးများတွင် တရားစွဲဆိုခြင်းမရှိစေရဟု ပါရှိသော်လည်း တရားစွဲဆို အရေးယူခြင်းမျိုးမဟုတ်ဘဲ ထိန်းကျောင်းစိစစ်အရေးယူခြင်းကို ဆိုလိုပါကြောင်း၊ အထွေထွေအခန်း ပုဒ်မ ၃၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၁ ပါအဓိပ္ပာယ်အရ ပြည်သူ့ဝန်ထမ်းအဖြစ် မှတ်ယူရမည်ဟု ပြဋ္ဌာန်းထားသည်‌့အတွက် ပြည်သူ့ဝန်ထမ်းဥပဒေနှင့်အညီ အရေးယူနိုင်ရေးကို မေးမြန်းပါသည်။