(င)-ဒေးဒရဲမြို့နယ်၊ နှစ်သီးစား လယ်များတွင် ၂၀၁၆ ခုနှစ် နှင့် ၂၀၁၇ ခုနှစ် နှစ်နှစ် ဆက်တိုက် မိုးစပါးစိုက် လယ်ဧကများ ပျက်စီးနေခြင်းကိစ္စ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17

ဒေးဒရဲမြို့နယ်သည် ပင်လယ်နှင့်နီးစပ်သဖြင့် နုန်းမြေ၊ ရွှံ့မြေဖြစ်သည့်အတွက် စပါးတစ်မျိုးတည်းကိုသာ စိုက်ပျိုးကြပါကြောင်း၊ ပင်လယ်ပိုင်းနှင့်နီးသည့်နေရာတွင် မိုးစပါးတစ်သီးသာစိုက်ပျိုး၍ရပြီး အတွင်းပိုင်း နေရာတွင် ဆောင်းစပါး၊ မိုးစပါးနှစ်သီးစိုက်ကြပါကြောင်း၊ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအပြီး နောက်ပိုင်း တွင် လယ်စိုက်ပျိုး၍မကောင်းတော့ကြောင်း လယ်သမားများက ပြောကြပါကြောင်း၊ ၂၀၁၃ ခုနှစ်မှစ၍ ထိခိုက်ပျက်စီးမှုစတင်များပြားလာပြီး မိုးများသည့်နှစ်များတွင် ပိုမိုဆိုးရွားပါကြောင်း၊ ၂၀၁၄ ခုနှစ်မှစတင်ပြီး ရွှေခရုများ တစ်ဖန်နှိပ်စက်လာပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် မိုးမှန်၍ အလွန်မဆိုးသော်လည်း ၂၀၁၆ ခုနှစ် တွင် မိုးအလွန်များပြားပါကြောင်း၊ တစ်လလုံးမိုးရွာ၍ လယ်ကွင်းများတွင် ရေများဖုံးပြီး ရေပြင်ကြီး ဖြစ်နေပါကြောင်း၊ ရေကျ၍ပြန်စိုက်သည့်အချိန်တွင်လည်း အပင်ပေါက်ချိန်တွင် ရွှေခရုထပ်မံနှိပ်စက် ပါကြောင်း၊ သုံးကြိမ်အထိ ပြန်လည်၍ ကြဲရစိုက်ရသည့်အခါ အချိန်ကုန်သွားပါသဖြင့် မိုးစပါး မရ တော့ပါကြောင်း၊ မြေကြီးကလည်း အချဉ်နံ့ပေါက်လာသည်ဟု  ပြောပါကြောင်း၊ တချို့လယ်သမားများက ခရုသတ်ဆေးသုံးကြပါကြောင်း၊ ခရုသတ်ဆေးသုံးစွဲကြသည့်အခါ ခရုသာမကဘဲ ငါးကလေးများပါ အများအပြားသေဆုံးသည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ ဆေးမသုံးစွဲဘဲ ခရုကိုကောက်ပစ်ပါဟု ပြောသည့်အခါ ခရုကို ယနေ့ကောက်ပစ်ပြီး နောက်တစ်နေ့ပြန်လည်ရောက်ရှိလာပါကြောင်း၊ ဒီရေနှင့်အတူ ပြန်လည်ပါ လာသည့်အတွက် ကောက်၍ မဆုံးနိုင်ခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ခရုကနှစ်သီးစား လယ်တွင်သာမက ပင်လယ်နားနီးသည့် တစ်သီးစားလယ်များတွင်ပါ ပျံ့နှံ့ပြီး နှောင့်ယှက်လာပါကြောင်း၊ နှစ်သီးစားနေရာက မိုးစပါးမရရှိသော်လည်း ဆောင်းစပါးရရှိသည့်အတွက် အားကိုးစရာရှိသော်လည်း မိုးစပါးတစ်သီးနေရာများတွင်  ဒုက္ခရောက်ပါကြောင်း၊

၂၀၁၃ ခုနှစ်က တဖြည်းဖြည်း ပျက်စီးလာရာမှ ၂၀၁၆-၁၇ နှစ်တွင် ၂၄၈၇၅ ဧကပျက်စီးသွားပါကြောင်း၊ ယခုနှစ် ၂၀၁၇ ခုနှစ်တွင် ဧကပေါင်း ၁၁၃၇၉ ဧက ပျက်စီးပါကြောင်း၊ မည်သည့်ပံ့ပိုးမှုမှ ယခုချိန်ထိ မရရှိခဲ့ပါကြောင်း၊ ဒေးဒရဲ စိုက်ဘဏ်စာရင်းအရလည်း လယ်ပျက်ပြီးနောက်ပိုင်း စိုက်ဘဏ်စာရင်းကို မေးကြည့်သည့်အခါ ၂၀၁၃ ခုနှစ်မတိုင်ခင်က ကြွေးကျန်မရှိပါကြောင်း၊ ၂၀၁၃ ခုနှစ်နောက်ပိုင်းကစပြီး ကြွေးကျန်များ တဖြည်းဖြည်းများလာသည်မှာ ၂၀၁၆ ခုနှစ်တွင် ၁၂၀၀၀၀ ကျော်ဖြစ်လာပါကြောင်း၊ ဒေးဒရဲစိုက်ဘဏ်၏ ကြွေးစုစုပေါင်း ယခုချိန်ထိ သိန်းပေါင်း ၅၀၀၀၀ ကျော်ကျန်ရှိနေပါကြောင်း၊ လယ်သမားများသည် အဖျက်အဆီးမရှိဘဲ  စပါးပုံမှန်ကောင်းနေရင်တောင်မှ စိုက်ပျိုးစရိတ် ကုန်ကျငွေနှင့် ပြန်လည်ရရှိသည့်ငွေသည် အလွန်မကာမိပါကြောင်း၊ ယခုကဲ့သို့ပျက်စီးမည်ဆိုပါက ပိုမိုပြီး ဒုက္ခရောက်ကြ ပါကြောင်း၊ ရွှေခရု၏ဥတစ်ဥသည် အကောင်ပေါင်းများစွာပေါက်ပါကြောင်း၊ လယ်ထဲတွင် စပါးတစ်ခါကြဲ ပါက ငွေ ၅၀၀၀၀ မှ ၉၀၀၀၀ အထိကုန်ကျပါကြောင်း၊ ပျက်စီးမည်ဆိုပါက လယ်သမားများ များစွာ ထိခိုက်ရပါကြောင်း၊ လယ်သမားများ စိုက်ပျိုးစရိတ်ကို စိုက်ပျိုးစရိတ်ချေးငွေ၊ Pact၊ IDE၊ သမဝါယမ ချေးငွေစသည့်ချေးငွေတို့ကိုယူပြီး အကြွေးပတ်လည်ဝိုင်းပြီး နောက်ဆုံးတွင် အကြွေးမဆပ်နိုင်၍ လယ် ရောင်းပစ်ပြီး အကြွေးဆပ်ရခြင်း တဖြည်းဖြည်းများပြားလာပါကြောင်း၊ လယ်ထိခိုက်၍ အကြွေးမဆပ်နိုင် သည့်အခါ နိုင်ငံတော်၏စိုက်ပျိုးစရိတ်ချေးငွေဆုံးသကဲ့သို့ စပါးလည်းဆုံးရှုံးရပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ပျက်စီးသောလယ်ဧက ၁၃၃၇၅ ဧက အတွက် တစ်ဧကလျှင် တင်း ၄၀ နှုန်းဖြင့်၊  စပါးတစ်တင်းလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း သိန်းပေါင်း ၂၅၇၅၈ သိန်းကျပ်ဆုံးရှုံးပါကြောင်း၊ စပါးမရရှိသည့်အတွက် ဖြစ်ပါကြောင်း၊ လယ်သမားအတွက် စရိတ်က တစ်ဧကလျှင် ပျမ်းမျှ ၈၀၀၀၀ နှုန်းဖြင့် ဧကပေါင်း ၁၃၃၇၉ ဧကအတွက် သိန်းပေါင်း ၁၀၀၀၀ ကျော်ဆုံးရှုံးရပါကြောင်း၊ ထို့ကြောင့် ဒေးဒရဲမြို့နယ်၊ နှစ်သီးစား လယ်များတွင် ၂၀၁၆ ခုနှစ် နှင့် ၂၀၁၇ ခုနှစ် နှစ်နှစ်ဆက်တိုက် မိုးစပါးစိုက်လယ်ဧကများ ပျက်စီးနေခြင်း ကိစ္စအား မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။