(ဂ)-ခေါင်လန်ဖူးမြို့အတွင်းရှိ ပြည်သူလူထုအမှန်တကယ်လိုအပ်သော လမ်းနှင့်တံတားများ ပြုလုပ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17

 ခေါင်လန်ဖူးမြို့နယ်သည် မြန်မာနိုင်ငံ(မြောက်ပိုင်း) တွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၆၈၀ ပေရှိပြီး မိုးများသည့်ဒေသဖြစ်သဖြင့် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးစသည့်ကဏ္ဍများတွင် များစွာနောက်ကျနေပါ ကြောင်း၊ ဧရိယာစတုရန်းမိုင်ပေါင်း ၂၀၈၃.၃၉ ကျယ်ဝန်းပြီး ကျေးရွာအုပ်စုပေါင်း ၂၃ ခု ရှိပြီး လူဦးရေပေါင်း ၁၅၀၀၀ ကျော်နေထိုင်သည့်မြို့နယ်ဖြစ်ပါကြောင်း၊

 

အဆိုပါကျေးရွာများအနက် ခေါင်လန်ဖူးနှင့် မိုင် ၈၀ ကျော်ဝေးသော ရှီလန်ဒမ်းကျေးရွာအုပ်စု၊ နမ့်ချိန်ကျေးရွာအုပ်စု၊ ရပ်မားကျေးရွာအုပ်စုနှင့် ထပ်ဖုံးကျေးရွာအုပ်စုများသည် လမ်းပန်းဆက်သွယ်ရေး အခက်အခဲဆုံး ကျေးရွာအုပ်စုများဖြစ်ပြီး ဌာနဆိုင်ရာလူကြီးများ အရောက်အပေါက်မရှိပါကြောင်း၊ အဆိုပါ ကျေးရွာအုပ်စုများတွင် နေထိုင်သည့် မိဘပြည်သူများ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးအဆင့်အတန်းများ အလွန်နိမ့်ကျလျက်ရှိပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်ပေးရန် လိုအပ်နေပါကြောင်း၊ မြစ်ချောင်းများပေါများသည့်အတွက် လူကူးကြိုးတံတား နှင့် သစ်သားတံတားများစွာရှိပြီး ၎င်းတံတားနှင့် လမ်းများကို ကျေးရွာလူထု၏လုပ်အားဖြင့် နှစ်စဉ် ပြုပြင် ဆောင်ရွက်နေသော်လည်း မိုးများသည့်ဒေသဖြစ်သဖြင့် လမ်းနှင့်တံတားများမှာ ရေရှည်မခံဘဲ အမြဲတမ်း ပြုပြင်နေရသဖြင့် ဒေသခံမိဘပြည်သူများအတွက် များစွာခက်ခဲလျက်ရှိကြောင်း၊ ပြည်သူလူထုအများဆုံး သွားလာအသုံးပြုနေသည့်လမ်းဖြစ်သည့် ဆော့လော်မြို့နယ်အစမှ ရှီလန်ဒမ်းကျေးရွာအထိ ၁၅ မိုင် ၄ ဖာလုံ လူကူးလမ်းနှင့် ၎င်းလမ်းပေါ်ရှိ လူကူးကြိုးတံတား လေးစင်းနှင့် သစ်သားတံတား လေးစင်းတို့ကို ပြုပြင်ဆောင်ရွက်ပေးရန် မိဘပြည်သူများမှ မကြာခဏ တင်ပြနေသည့်လုပ်ငန်းဖြစ်ပါသဖြင့် ပြုပြင် ဆောင်ရွက်ပေးရန်အတွက် မည်ကဲ့သို့ ဆောင်ရွက်ပေးနေသည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့သည်။