(က)-ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးအား (၄) လမ်းသွား အဆင့်တိုးမြှင့်ခြင်းနှင့် အဆင့်မီလုံခြုံရေး အထောက်အကူပြုပစ္စည်းများ တပ်ဆင်ပေးခြင်းနှင့်လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများကို ရေးဆွဲ၍ှ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်
ယာဉ်မတော်တဆဖြစ်စဉ်များ လျော့နည်းပပျောက်စေရန် ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမ ကြီးအား ခေတ်မီသော(၄)လမ်းသွား အဆင့်တိုးမြှင့်ဆောင်ရွက်ပေးခြင်းနှင့် အဆင့်မီလုံခြုံရေး အထောက်အကူပြုပစ္စည်းများ တပ်ဆင်ထိန်းကျောင်းပေးခြင်း၊ မော်တော်ယာဉ်နှင့် ပတ်သက်၍ လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများကို အထူးစီမံချက်များရေးဆွဲ၍ အကောင်အထည် ဖော်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့နိုင်ငံ၌ ယာဉ်အန္တရာယ်ကြောင့် သေဆုံး၊ ဒဏ်ရာရရှိမှုနှုန်းထားသည် အာဆီယံနိုင်ငံများတွင် ထိုင်း၊ ဗီယက်နမ်၊ မလေးရှားနိုင်ငံတို့ပြီးလျှင် စတုတ္ထအဖြစ်အများဆုံး နိုင်ငံဖြစ်နေကြောင်း ပို့ဆောင်ဆက်သွယ် ရေးဝန်ကြီးဌာန၏ သတင်းအချက်အလက်များအရ သိရှိရပါကြောင်း၊ မိမိတို့နိုင်ငံရှိ လက်ရှိယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများလေ့လာကြည့်လျှင်လည်း အားနည်းချက်၊ လိုအပ်ချက်များစွာ ရှိနေသေးသည်ကို မြင်တွေ့နေရပါကြောင်း၊ အမြန်လမ်းပေါ်တွင် ကီလိုမီတာ ၁၀၀ အထက် ပိုမိုမောင်းနှင်ခြင်းမပြုရန် မြို့တွင်းလမ်းများတွင် ကီလိုမီတာ ၆၀၊ ကီလိုမီတာ ၃၀ စသဖြင့် ပိုမိုမောင်းနှင်ခြင်းမပြုရန် သတိပေးဆိုင်းဘုတ်များ စိုက်ထူထားသော်လည်း ပိုမိုမောင်းနှင်ကြသဖြင့် မိမိတို့ပြဋ္ဌာန်းထားသော စည်းမျဉ်းစည်းကမ်းကို မိမိတို့ကိုယ်တိုင် မလိုက်နာသကဲ့သို့ ဖော်ပြနေပါကြောင်း၊ ရန်ကုန်-နေပြည်တော်-မန္တလေးအမြန် လမ်းမကြီးပေါ်ရှိ စောင့်ကြည့်ကင်မရာများမှ အရှိန်ဖမ်းနှုန်း၊ အရှိန်ဖမ်းစက်၊ အမြန်နှုန်းဖမ်းစက်တို့မှလည်း တိကျစွာ မဖော်ပြနိုင်ခြင်း၊ ချို့ယွင်းနေခြင်းတို့ကြောင့် အားကိုးအားထား၍ မရနိုင်ပါကြောင်း၊ ၁-၈-၂၀၁၇ ရက်နေ့တွင် အမြန်လမ်းပေါ်၌ သတ်မှတ်ကီလိုမီတာဖြင့် ပိုမိုမောင်းနှင်ပါက ဒဏ်ငွေ ငါးသောင်းရိုက်မည်ဖြစ်ပြီး စမ်းသတ်ကာလအားဖြင့် တစ်လညွှန်ကြား၍ အကောင်အထည် ဖော်ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ Express ခရီးသည်ယာဉ်များ တစ်နာရီလျှင် ၉၀ ကီလိုမီတာ ကုန်တင်ဝန်၊ ဝန်လေး၊ တစ်နာရီလျှင် ၆၀ ကီလိုမီတာ လူစီး Salon Station Wacom Double Cap တစ်နာရီလျှင်ကီလိုမီတာ ၁၀၀ ပိုမိုမောင်းနှင်ခြင်းမပြုရန် ညွှန်ကြားထားပြီး ရွှေ့လျားအဖွဲ့အရှိန်ဖြင့် အရှိန်ဖမ်း၊ အမြန်နှုန်းဖမ်းစက်များဖြင့် စောင့်ကြည့်စိစစ်သွားမည်ဟု သိရှိရပါကြောင်း၊ သတ်မှတ်ဒဏ်ငွေနည်းပါးသဖြင့် လိုက်နာကျင့်ကြံမှုအားနည်းနိုင်ပါကြောင်း၊ အမြန်လမ်းမကြီးကို ခေတ်မီလေးလမ်းသွားစနစ် တိုးချဲ့ဆောင်ရွက်ပေးခြင်း စနစ်ကျသော စောင့်ကြည့်ကင်မရာမှ မှတ်တမ်းတင်စိစစ်ပေးခြင်းဖြင့် ပိုမိုတိကျကောင်းမွန်သော ရလဒ်ကိုရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ဒဏ်ငွေရိုက်ခြင်းနှစ်မျိုးဖြင့် ကောင်းမွန်သောယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖြစ်မလာနိုင်ပါကြောင်း၊
မှန်ကန်သော အချက်ပြမီးစနစ်နှင့်ပတ်သက်၍ ၁၉၈၉ ခုနှစ် မော်တော်ယာဉ်နည်းဥပဒေအရ အနောက်ဘက်မှ မော်တော်ယာဉ်အား ကျော်တက်နိုင်ကြောင်း လယ်ယာဘက်မီးဖြင့် အချက်ပြရန် သတ်မှတ်ထားသော်လည်း လက်ရှိမော်တော်ယာဉ်အများစုမှာ လက်ယာဘက်နောက်မီးပြလျှင် လမ်းမရှင်းသေး ညာဘက်နှင့်ကပ်ထားရန် လက်ဝဲဘက်နောက်မီး ပြပါက လမ်းကြောင်းရှင်း၍ကျော်တက်နိုင်ကြောင်း သုံးစွဲခဲ့သည်မှာ ကာလကြာမြင့်ပြီဖြစ်ပါတယ်။ လမ်းကျဉ်းမြောင်းသော တောင်ပေါ်ဒေသ အကွေ့အကောက်များသော ဒေသတွင် ယနေ့အချိန်ထိ သုံးစွဲနေကြဆဲ ဖြစ်ပါကြောင်း၊ အချက်ပြနည်းစနစ်နှစ်ခုမှာ လုံးဝဆန့်ကျင်ဘက်ဖြစ်နေပါကြောင်း၊ ဤလက်ယာဘက်စနစ်ဖြင့် ကျော်တက်ရန် အချက်ပြစနစ်ကို ၁-၉-၂၀၁၇ ရက်နေ့ နံနက် ၆ နာရီမှ စ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း စတင်ကျင့်သုံးကြရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အထူးမေတ္တာရပ်ခံချက် လက်ကမ်းစာစောင်များကို ပုံနှင့်တကွ ဖြန့်ဝေထားပါကြောင်း၊ ပြည်သူလူထုအများဆုံးသုံးစွဲသော လမ်းပိုင်းများကို အဆင့်မီချဲ့ထွင်ပေးရန် လိုအပ်ပါကြောင်း၊ ယခုဆိုရင်လည်း အမြန်လမ်းမကြီး၏ လမ်းလယ်ကျွန်းများကို ပြန်လည်ဖျက်စီးပြီးမှ ပြုပြင်နေသည်ကို တွေ့မြင်နေရပါကြောင်း၊
တိကျသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို နိုင်ငံသားများတစ်ပြေးညီ လိုက်နာကျင့်သုံးခြင်းဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို မြှင့်တင်ရာ ရောက်စေပါကြောင်း၊ မိမိတို့နိုင်ငံတွင် နောင်လာမည့်အနာဂတ်၌ မော်တော်ယာဉ်စီးရေများ ထပ်မံတိုးပွားလာမည် ဖြစ်သကဲ့သို့ မော်တော်ယာဉ်အသုံးပြုသူမှာလည်း တိုးတက်များပြားလာမည်မှာ အသေချာဆုံးသော ပြောင်းလဲမှုနှင့် စိန်ခေါ်မှုများဖြစ်ပါကြောင်း၊ ယာဉ်မတော်တဆဖြစ်စဉ်များ လျော့နည်းပပျောက်စေရန် ရန်ကုန်-နေပြည်တော်-မန္တလေးအမြန်လမ်းမကြီးအား ခေတ်မီသော ၄ လမ်းသွားအဆင့် တိုးမြှင့်ဆောင်ရွက်ပေးခြင်းနှင့် အဆင့်မီလုံခြုံရေးအထောက်အကူပြုပစ္စည်းများ တပ်ဆင်ထိန်းကျောင်းပေးခြင်း၊ မော်တော်ယာဉ်နှင့် ပတ်သက်၍ လိုက်နာမည့် စည်းမျဉ်းစည်းကမ်း များကို အထူးစီမံချမှတ်ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။