(စ)-ဌာနဆိုင်ရာ အဆင့်ဆင့်တွင် မည်သို့သော အကြောင်းကြောင့် ဝန်ထမ်း ဖွဲ့စည်းပုံအတိုင်း ပြည့်မီအောင် ခန့်ထားခြင်း မရှိသည်နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-17

ဦးဖေသန်း (မြေပုံ) ဝန်ကြီးဌာနများတွင် မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းနဲ့ပြည်နယ်အဆင့်၊ ဗဟိုအဆင်‌့များတွင် ဝန်ထမ်းဖွဲ့စည်းပုံအတိုင်း ပြည့်မီအောင် မခန့်ထားနိုင်သည့် အတွက် ဝန်ထမ်းများအနေဖြင့် အခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊ တချို့ ဌာနများတွင် သုံးပုံနှစ်ပုံ ၇၀ ရာခိုင်နှုန်း စသဖြင့် မရှိကြောင်း လည်း ပြောဆိုသံများ ကြားနေရရာ ဌာနတိုင်းတွင် လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင်  ဝန်ထမ်းများအနေဖြင့် အခက်အခဲများ ကြုံတွေ့နေပါကြောင်း၊ အလုပ်ကို မျှော်လင့်စောင့်စားနေကြသော ဘွဲ့ရ ကျောင်းသားကျောင်းသူ များလည်း ရှိနေကြပါကြောင်း၊ ထို့ပြင် တစ်မြို့နယ်မှာတွင် ဆရာဝန် တစ်ယောက်စ နှစ်ယောက်စ၊ ကျောင်းတစ်ကျောင်းမှတွင် ဆရာ တစ်ယောက်စ နှစ်ယောက်စသာ ရှိသည့်ဒေသများအနေဖြင့် နိုင်ငံက ဆင်းရဲသည့်အတွက် လွှတ်တော်က ဘတ်ဂျက်ကို ဖြတ်တောက်နေကြောင်း စသည်ဖြင့် ပြောဆိုဝေဖန်နေသံများ အား လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း ကြားသိနေကြရပါသည်။ ထိုအတွက်ကြောင့် ဌာနဆိုင်ရာတိုင်းတွင် မည်သည့်အတွက်ကြောင့် ဝန်ထမ်းများကို ဖွဲ့စည်းပုံအတိုင်း ပြည့်မီအောင် မခန့်ထားပေးနိုင်သည်ကို သိရှိလိုသည့်အတွက် ရှင်းလင်းတင်ပြပေးပါရန် တိုက်တွန်းတင်ပြပါသည်။