(ဃ)-၂၀၁၃-၁၄ ဘဏ္ဍာနှစ်ဝက်ပြည်တွင်း ပြည်ပ ရင်းနှီး မြှပ်နှံမှု အခြေအနေ၊ နိုင်ငံလုပ်ငန်း အမျိုးအစားနှင့် ရင်းနှီးမြှပ်နှံမှု ပမာဏပေါင်း၊ FDI ဥပဒေ၊ နည်း ဥပဒေနှင့် စပ်လျဉ်းသည့်မေးခွန်း
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ပထမ ၆ လပိုင်းအတွင်း နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ပမာဏများ နှင့်စပ်လျဉ်း၍ အဓိကသိချင်သည်မှာ မည်သည့်နိုင်ငံများက မည်သို့လုပ်ငန်းမျိုးအပေါ်တွင် စိတ်ဝင်စားစွာဖြင့် မည်မျှရင်းနှီးမြှုပ်နှံသည် ဆိုသည်ကိုလည်းကောင်း၊ ပြည်ထောင်စု လွှတ်တော်ကြီးက အတည်ပြုပြဋ္ဌာန်းပေးလိုက်သော FDI Law၊ ၎င်း နည်းဥပဒေများနှင့် ပတ်သက်၍လည်း လိုအပ်သည်များရှိပါက ပြင်ဆင်ပေးနိုင်ရန် ရင်းနှီးမြှုပ်နှံသူများ၏ အမြင်၊ တုန်ပြန့်မှုများ မည်သို့ရှိသည်ကိုလည်းကောင်း၊ ဥပမာ FDI Law ဥပဒေတွင် နိုင်ငံခြားသားများကို ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံ မှု ပေးထားခြင်း၊ နိုင်ငံသားများနှင့် ဖက်စပ်၍ စိတ်ကြိုက် ရင်းနှီးမြှုပ်နှံမှု အချိုးအစားနှင့် ခွင့်ပြုပေးထားသော်လည်း နည်းဥပဒေ တွင် တားမြစ် ကန့်သတ် ချက်များအပေါ် ၈၀ ရာခိုင်နှုန်းအထိ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးလိုက်ရခြင်း မျိုး ရှိပါကြောင်း၊ တားမြစ် ကန့်သတ်ချက်များဆိုသည်မှာ ဓလေ့ထုံးစံများ၊ သဘာဝဂေဟစနစ်များမပျက်စီးရေး၊ အထူးသဖြင့် နယ်စပ်မျဉ်းများသည် တချို့နေရာများတွင် သေချာမသတ်မှတ်ရသေးသည့်အတွက် နယ်စပ်မျဉ်းမှ အတွင်းဘက် ၁၀ မိုင်ထိကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်သေးရန် တားမြစ်ကန့်သတ်ခဲ့သော်လည်း အဆိုပါကန့်သတ်ချက်များကို ၈၀ ရာခိုင်နှုန်း အထိ ခွင့်ပြုပေးလိုက်ရခြင်းမျိုးကို သတိထား၊ စဉ်းစားရန် တင်ပြလိုကြောင်း၊ ပြည်ထောင်စု လွှတ်တော်ကြီးက ပြဋ္ဌာန်းပေးလိုက်သည့် ဥပဒေတိုင်းသည် တစ်ဦးတစ်ယောက် အတွက်မဟုတ်ဘဲ နိုင်ငံနှင့်နိုင်ငံသား အားလုံးအတွက် အများကြီး စဉ်းစားပြီးမှ ခွင့်ပြုပေးခဲ့သောဥပဒေများဖြစ်ရာ အကယ်၍ လိုအပ်နေပါက ပြန်လည် ပြင်ဆင်ရန်သည် လွှတ်တော်၏ တာဝန်ဖြစ်ကြောင်း၊ အမိန့်ကြော်ငြာစာ၊ ဥပဒေ၊ နည်းဥပဒေနှင့်ပတ်သက်ပြီး ထုတ်ပြန်လာသော အမိန့် ကြော်ငြာစာများတွင် တချို့မှားယွင်းဖော်ပြထားသည့် အချက်များရှိပါကြောင်း၊ ဥပမာအားဖြင့် ခွင့်မပြုသည့် စီးပွားရေးလုပ်ငန်းများ စာရင်းထဲတွင် လျှပ်စစ်ဓာတ်အား ကုန်သွယ်ခြင်းလုပ်ငန်းကို ခွင့်မပြုကြောင်း ဆိုထားသော်လည်း ပြည်တွင်းမှ ထုတ်လုပ်သောလျှပ်စစ် ဓာတ်အားများကို တချို့နေရာများတွင်ပိုလျှံ၍ တစ်ဖက်နိုင်ငံသို့ ရောင်းရခြင်း၊ တချို့နေရာများတွင် လိုအပ်၍ တစ်ဖက်နိုင်ငံမှ ဝယ်ယူနေရခြင်းမျိုးရှိရာ၊ ယင်းကဲ့သို့ပြုလုပ်ခြင်းကို ကုန်သွယ်ခြင်း လုပ်ငန်းဟု မိမိယူဆပါကြောင်း၊ ပုံနှိပ်နှင့်အသံလွှင့်မီဒီယာလုပ်ငန်းများကို ပူးတွဲလုပ်ကိုင်ခြင်း ခွင့်မပြုဟု ဆိုထားရာ တစ်ဦးတည်း လုပ်ပါက ခွင့်ပြု၊ မပြု ကိုမသိရှိကြောင်း၊ သို့သော် ပြန်ကြားရေးဝန်ကြီးဌာနက ဖော်ပြထားသည့် နေရာတွင် နိုင်ငံခြားဘာသာနှင့် အချိန်မှန်ထုတ်သောသတင်းစာများ၊ စာအုပ်စာတမ်းများ၊ FM ရေဒီယို အသံလွှင့်လုပ်ငန်း၊ Direct to Home (DTH) လုပ်ငန်း၊ DVD 2 လုပ်ငန်း၊ ကေဘယ်တီဗွီလုပ်ငန်း၊ ရုပ်ရှင်နှင့် ရုပ်သံရိုက်ကူးထုတ်လုပ် ဖြန့်ချီရေး လုပ်ငန်းများကို ခွင့်ပြုထားကြောင်း၊ သစ်တောရေးရာနှင့်ပတ်သက်၍ ၂၀၁၄ ခုတွင် သစ်အလုံးလိုက် တင်ပို့ခွင့်မပြုတော့ဟု ဆိုသော်လည်း သစ်လုံးများ ထုတ်ယူ၍ ပြည်ပသို့ တင်ပို့ရောင်းချရေးခွင့်ပြုထားကြောင်း၊ ထို့ကြောင့် ဥပဒေ၊ နည်းဥပဒေများ တွင် အမိန့်ကြော်ငြာစာမှာ ထုတ်ပြန်သည့်အခါ တချို့နေရာများတွင် လွဲနေခြင်းများရှိကြောင်း၊ သစ်တောနယ်မြေကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများကို နှစ်ရှည်ငှားရမ်းပြီး သစ်ခုတ်လဲခြင်း လုပ်ငန်း ဆောင်ရွက်ခြင်းမျိုးတွင် မိမိတို့ရှိ သစ်တောများ အတော်ကုန်နေသည့်အတွက် ထပ်မံစိုက်ပျိုးရန် လိုအပ်နေသည့်အချိန်တွင် သစ်တောနယ်မြေများကို နှစ်ရှည်ငှားရမ်းပြီး သစ်ခုတ်လှဲခြင်း လုပ်ငန်းများ ဆောင်ရွက် ခွင့်ပြုမည်ဟု ရေးထားသည့်အတွက်ကြောင့် မိမိတို့အနေဖြင့် စဉ်းစားပြီး လိုအပ် ပါက ပြင်ဆင်သင့်ပါကြောင်း၊ လယ်ဆည်ဝန်ကြီးဌာနနှင့် ပတ်သက်၍ စိုက်ပျိုးမြေဧရိယာ ပမာဏများပြားစွာ သီးနှံစိုက်ပျိုး ထုတ်လုပ်ခြင်း လုပ်ငန်း၊ ခေတ်မီ လယ်ယာဖော်ထုတ်လုပ်ရေး လုပ်ငန်းများကို များပြားစွာ ခွင့်ပြုထားသည့်အတွက် ယခု လုပ်ကိုင်နေသော လယ်ယာမြေပြဿနာများ ဖြေရှင်း၍ မပြီးသေးချိန်တွင် ထပ်မံ၍ မလိုလားအပ်သော ပဿနာများပါ်ပေါက် လာမည်ကိုစိုးရိမ်သည့်အတွက် တင်ပြရခြင်းဖြစ်ပါကြောင်း မေးမြန်းပါသည်။