(ခ)-မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကတရားရုံးများသို့ တရားစွဲဆိုတင်ပို့သည့် အမှုများတွင် အထက်အဆင့်ဆင့်က ကြပ်မတ်ပေးရန်နှင့် ခေတ်နှင့်လျော်ညီသည့် သမ္မန်စာဆင့်ဆိုနည်းကို သုတေသနပြုရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17

တရားစီရင်ရေးမဏ္ဍိုင်တောင့်တင်းခိုင်မာရန် တရားသူကြီးများတွင် အဓိကတာဝန်ရှိသော်လည်း ဆက်စပ်အဖွဲ့အစည်းဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း၊ ရာဇဝတ်မှုများတွင် ရဲတပ်ဖွဲ့ဝင်များအပါအဝင် တရားလိုနှင့် တရားလိုပြ သက်သေများ က သက်သေခံမလာရောက်ခြင်းကြောင့် အမှုများကြန့်ကြာခြင်းသည် မှန်မှန်နှင့် မြန်မြန်ဆန်ဆန် တရားစီရင်ရေးကို ထိခိုက်စေနိုင်ပြီး အမှုသည်များတွင် အချိန်ကုန်လူပင်ပန်းကာ တရားစီရင်ရေး မဏ္ဍိုင်ကို ပြည်သူအများယုံကြည်ကိုးစားမှု ကျဆင်းလာစေနိုင်ပါကြောင်း၊ ရဲလက်စွဲအပိုဒ် ၁၀၄၁ အပိုဒ် ခွဲ(ဍ)နှင့် ၁၉၄၅ ခုနှစ်၊ ရဲအက်ဥပဒေ ပုဒ်မ ၁၈ တို့အရ တရားရုံးမှချအပ်သည့် လူဖမ်းဝရမ်းများ ၊ သမ္မန် စာများနှင့် Notice စာများ အတည်ပြုရန်မှာ ရဲတပ်ဖွဲ့ဝင်များ၏ အဓိကတာဝန်များဖြစ်ပြီး ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၆၈ မှ ၇၁ အထိနှင့် ရဲလက်စွဲအပိုဒ် ၁၀၅၂ အပိုဒ်ခွဲ(ခ)တွင် သမ္မန်စာချအပ်သည့် နည်းလမ်းများကို ပြဋ္ဌာန်းထားပါကြောင်း၊ ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်များသည် အချိန်မီ သမ္မန်စာချအပ်ပြီး ရုံးချိန်းရက်မတိုင်မီ ပြန်လည်ပေးပို့ရမည် ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် သမ္မန်စာများကို နည်း လမ်းတကျချအပ်ခြင်းနှင့် ရုံးချိန်းရက်မတိုင်မီ ပြန်လည်ပေးပို့ခြင်း အလေ့အထများ အားနည်းလျက်ရှိပြီး သမ္မန်စာများကို လုံးဝပြန်လည်မသွင်းသည့်အခြေအနေများတွင်ရှိပါကြောင်း၊ ထို့ကြောင့် သက်သေများ သည် အတည်ဖြစ်/မဖြစ် မသိရှိနိုင်၍ တရားရုံးများက အမှုသည်များကို တစ်နေကုန်စောင့်ဆိုင်း ထားခိုင်းပြီး လာရောက်ခြင်းမရှိသည့်အခါ ရုံးချိန်းကုန်လွန်မှ ရုံးချိန်းပြန်ချိန်းပေးသည်မျိုး ဖြစ်ပေါ် နေပါကြောင်း၊ သမ္မန်စာများကို ရုံးချိန်းရက်မတိုင်မီ ပြန်လည်ပေးပို့ထားပါက သက်သေများလာရောက် နိုင်ခြင်းမရှိကြောင်း သိရှိနိုင်ပါက အမှုများကို နံနက်ပိုင်းတွင် ပြန်လည်ချိန်းဆိုပေးနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၂၀ ပုဒ်မခွဲ(က)တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် ရဲတရားရုံးသို့ဖြစ်စေ၊ ပြစ်မှုဆိုင်ရာတရားရုံးသို့ဖြစ်စေ သက်သေတစ်ဦးအဖြစ် နည်းလမ်းတကျ ဆင့်စာ ချအပ်ခံရပြီးဖြစ်သော်လည်း တမင်သော်လည်းကောင်း၊ ယုတ္တိသန်သောအကြောင်းမရှိဘဲသော် လည်းကောင်း၊ သက်သေခံရန် ပျက်ကွက်ပါက ရဲတရားရုံးမှ အရေးယူနိုင်ကြောင်း ပြဋ္ဌာန်းပါရှိ ပါကြောင်း၊ ရဲတပ်ဖွဲ့ဝင်များကိုယ်တိုင်ပင် ရုံးချိန်း သုံး၊လေးချိန်းမက သက်သေခံလာရောက်ရန် ပျက် ကွက်နေသည်ကို ကြားသိရပါကြောင်း၊ သို့ဖြစ်၍ အမှုသည်များတွင် ရုံးချိန်းများစွာလာရောက် ခဲ့ကြသော်လည်း အမှုစစ်ဆေးနိုင်ခြင်းမရှိဘဲ ရုံးချိန်ကုန်မှသာ အိမ်ပြန်ရသည့်အနေအထားမျိုးကို အမှန် တကယ်ရင်ဆိုင်နေကြရသည့်အပြင် အမှုပြီးပြတ်လိုသောအမှုသည်များက သက်သေများကို စရိတ် စကပေးပြီး ခေါ်ယူနေရပါကြောင်း၊ အထက်ပါဥပဒေပုဒ်မများနှင့် ရဲလက်စွဲအပိုဒ်များအရ တရားရုံး များသို့ ရဲတပ်ဖွဲ့ဝင်များအပါအဝင် တရားလိုနှင့် တရားလိုပြသက်သေများ သက်သေခံလာရောက် နိုင်ရေးသည် ရဲတပ်ဖွဲ့၏အဓိကတာဝန်ဖြစ်သည်ဟု ထင်ရှားပါကြောင်း၊

ဒုတိယအချက်အနေဖြင့် လက်ရှိအခြေအနေတွင် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၆၈ အရ သမ္မန်စာ များကို စာဖြင့်ရေးသားထုတ်ဆင့်ရမည်ဖြစ်ပြီး ထိုစာကိုဆင့်ဆိုခြင်းခံရသူသို့ လူကိုယ်တိုင် သွားရောက် ဆင့်ဆိုရန် လိုအပ်ပါကြောင်း၊ အချို့နိုင်ငံများတွင် သမ္မန်စာ SMS စနစ်ဖြင့် ပေးပို့အတည်ပြုလျက် ရှိသည်ကို လေ့လာသိရှိရပါကြောင်း၊ တိုးတက်လာသောခေတ်နှင့်အညီ SMS စနစ် သို့မဟုတ် အခြား သင့်တော်သည့်စနစ်ဖြင့် သမ္မန်စာများကို ဆင့်ဆိုနိုင်ပါက အချိန်ကုန်၊ လူပန်းသက်သာပြီး တိကျမှု ရှိလာမည် ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်ရန် လိုအပ်ပါကြောင်း၊ ထိုဥပဒေကြမ်းရေးဆွဲတင်ပြရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုတရား လွှတ်တော်ချုပ်၏ တာဝန်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရဲတပ်ဖွဲ့သည် ပြည်ထောင်စုတရားလွှတ်တော်ချုပ် IT ပညာရှင်များနှင့်ပူးပေါင်းကာ သုတေသနလုပ်ငန်းများဆောင်ရွက်ပြီး ဥပဒေပြင်ဆင်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန်လိုအပ်ပါကြောင်း၊

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားရုံးများသို့ တရားစွဲဆိုတင်ပို့သည့်အမှုများတွင် တရားလိုနှင့် တရားလိုပြသက်သေများ သက်သေခံလာရောက်စေရန်အတွက် အထက်အဆင့်ဆင့်က ကြပ်မတ် ပေးပါရန်နှင့် ခေတ်နှင့်လျော်ညီသည့် သမ္မန်စာဆင့်ဆိုနည်းကို သုတေသနပြုရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။