(က)-ကျောင်းကုန်းမြို့နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် မြို့နယ်မှူးရုံးအပါအဝင် ရဲစခန်းများ၊ ရဲကင်းများ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် မြို့နယ်မှူးရုံး၊ ကျောင်းကုန်းမြို့မစခန်း၊ ဒေါင့်ကြီးနယ်မြေစခန်း၊ လှည်းဆိပ်ရဲကင်း၊ မင်းမနိုင်ရဲကင်းများရှိ အဆောက်အဦများသည် ဥပဓိရုပ်မကောင်းခြင်း၊ လုံခြုံရေးအရမကောင်းခြင်း၊ အန္တရာယ်ရှိ အဆောင်များအဖြစ် စိုးရိမ်ရသည့် အခြေအနေများအဖြစ် တည်ရှိနေပါကြောင်း၊ မြို့မရဲစခန်းမှလွဲ၍ ကျန်အဆောက်အဦများသည် ကိုယ့်အားကိုယ်ကိုး အဆောက်အဦများဖြင့် ဆောက်လုပ်နေထိုင်ကြရ ပါကြောင်း၊ မြို့မရဲစခန်း၏ အဆောက်အဦတွင်လည်း ၁၉၁၅ ခုနှစ်ကတည်းက အဆောက်အဦများ ဖြစ်ပြီး နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိနေပြီ ဖြစ်သည့်အတွက်ကြောင့် ဟောင်းနွမ်းပျက်စီး၍ မဖြစ်မနေ နေထိုင်ရခြင်းဖြစ်ပါကြောင်း၊ လက်ရှိဝန်ထမ်းအင်အားစာရင်းမှာ စုစုပေါင်း ၈၅ ဦးရှိပြီး လက်ရှိစီစဉ်ပေးနိုင်သည့် နေရာထိုင်ခင်းပေးနိုင်သည့် အင်အားမှာ ၅၃ ဦးဖြစ်ပြီး လိုအပ်လျက်ရှိသည့် နေရာထိုင်ခင်းက ၃၂ ဦးအတွက် လိုအပ်လျက်ရှိပါကြောင်း၊ သို့ပါ၍ ကျောင်းကုန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် မြို့နယ်မှူးရုံးအပါအဝင် ရဲစခန်းများ၊ ရဲကင်းအဆောက်အဦများ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။