(စ)-ညောင်လေးပင် မြို့နယ်တွင်မီးသတ် တပ်ဖွဲ့စခန်း (ခွဲ) တစ်ခုဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ညောင်လေးပင်မြို့က ရန်ကုန်-မန္တလေး ကားလမ်းမတစ်လျှောက် မိုင်တိုင် ၉၇ ကနေ မိုင်တိုင် ၁၀၀ ကြားတွင်တည်ရှိပြီး မြို့မရပ်ကွက် ငါးခုရှိပါကြောင်း၊ ရန်ကုန်-မန္တလေး မီးရထားလမ်းက မြို့လယ်လောက်က ဖြတ်သန်းပြီး မော်တော်ကားလမ်းကို ကန့်လန့်ဖြတ်သွားနေသည့်အတွက် မြို့သည်ရထားလမ်း အရှေ့ခြမ်းနှင့်အနောက်ခြမ်းဆိုပြီး ခွဲခြားထားသကဲ့သို့ ဖြစ်နေပါကြောင်း၊ ရထားလမ်း၏ အရှေ့ခြမ်းမြို့မ (၁) (၂) (၃) ရပ်ကွက်သုံးခုသည် အိမ်ထောင်စုပေါင်း ၃၃၅၄ စု၊ လူဦးရေ ၁၅၂၀၀ ကျော်ရှိပါကြောင်း၊ အိမ်ထောင်စု ၃၅၉၄ စုနှင့်လူဦးရေ ၁၅၄၀၀ ကျော်ရှိသည့် ကျေးရွာပေါင်း ၇၀၀ နှင့်လည်း ဆက်စပ်လျက်ရှိပါကြောင်း၊ မဒေါက်မြို့၊ ပြွန်တန်ဆာမြို့တို့နှင့်လည်း ဆက်သွယ်လျက်ရှိပါကြောင်း၊ ရထားလမ်း၏ အနောက်ဘက်အခြမ်း မြို့မ(၄)နှင့် မြို့မ(၅) ရပ်ကွက် အိမ်ထောင်စုပေါင်း ၂၇၀၀ ကျော်၊ လူဦးရေ ၁၁၆၀၀ ကျော်ရှိပါကြောင်း၊ အိမ်ထောင်စုပေါင်း ၃၆၀၀ ကျော်နှင့် လူဦးရေ ၁၅၀၀၀ ကျော်ခန့်ရှိသည့် ကျေးရွာပေါင်း ၅၀၀ ဖြင့်လည်း ဆက်စပ်လျက်ရှိပြီး ပိန်းဇလုပ်မြို့နှင့်လည်း ဆက်စပ်လျက်ရှိပါကြောင်း၊ ထို့အပြင် သစ်တောရုံး၊ ဆည်မြောင်းရုံး၊ စိုက်ပျိုးရေးရုံး၊ စက်မှုလယ်ယာအထက်တန်းကျောင်းများ၊ တန်တရာဆန်စက်၊ ဘုန်းတော်ကြီး ကျောင်းများနှင့် အသစ်တိုးတက်ဖြစ်ပေါ်လာသော လယ်ယာသုံးစက်ကိရိယာ အရောင်းပြခန်းများ၊ ဆန်စက်၊ ဆီစက်များ၊ ပဲ၊ စပါးပွဲရုံများ၊ စက်သုံးဆီအရောင်းဆိုင်များနှင့် အိမ်ခြေများလည်း တိုးပွားလျက်ရှိနေပါကြောင်း၊
ညောင်လေးပင်မြို့ မီးသတ်တပ်ဖွဲ့စခန်း ရန်ကုန်-မန္တလေး ကားလမ်းဘေး ညောင်လေးပင်မြို့မဈေးနှင့် ဒပလယ်ဂို့ရထားလမ်း၏ အရှေ့ဘက် ကိုက် ၇၀၀ ခန့်အကွာတွင် တည်ရှိ ပါကြောင်း၊ ရထားဖြတ်သွားပါက လမ်းပိတ်သည့်အခါ အချိန်အနည်းဆုံး ၁၀ မိနစ်မှ နာရီဝက်ခန့် ကြာတတ်ပြီး တစ်ရက်အခါ ၂၀ ခန့်လမ်းပိတ်လျက်ရှိပါကြောင်း၊ မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက မီးသတ်ယာဉ်များ မီးလောင်ရာကိုအချိန်မီ အလျင်အမြန်ရောက်ရှိရန် ခက်ခဲလျက်ရှိပါကြောင်း၊ ညောင်လေးပင်မြို့ မီးသတ်တပ်ဖွဲ့စခန်းတွင် တပ်ဖွဲ့ဝင်အင်အား ၂၂ ဦး၊ အရန်အင်အား ၅၀ ဦး စုစုပေါင်း ၇၂ ဦးရှိပြီး မီးငြိမ်းသတ်ယာဉ် ၄ စီး၊ မီးသတ်ရေသယ်ယာဉ် ၅ စီး၊ အပေါ့စားရေစုပ်စက် ၅ လုံးရှိသည့်အတွက် မီးသတ်စခန်းခွဲတစ်ခု ဖွင့်လှစ်ရန်အင်အားပြည့်စုံ လုံလောက်ကြောင်းကိုလည်း သိရှိရပါကြောင်း၊ မီးသတ်စခန်းခွဲ ဖွင့်လှစ်နိုင်ရန် သင့်တော်သည့်နေရာလည်း မြို့မ (၅) ရပ်ကွက် ရထားလမ်း၏အနောက်ခြမ်း ရန်ကုန်-မန္တလေးကားလမ်း ညာဘက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနလက်ဝယ်တွင် တည်ရှိပါကြောင်း၊ ၎င်းမြေကွက်တွင် ကုန်လှောင်ရုံတစ်လုံး အပါအဝင် ဧက ၁.၁ ကျယ်ဝန်းပြီးမည်သည့် လုပ်ငန်းမျှ လုပ်ဆောင်ထားခြင်းလည်း မရှိပါကြောင်း၊ ယာဉ်ဝင်/ထွက်သွားလာရန် လွယ်ကူအဆင်ပြေပါကြောင်း၊ ယခုအခါ ရထားလမ်းအနောက်ဘက်ခြမ်း မီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် ပြည်သူများ၏ တောင်းဆိုချက်အရ ၁၈-၁-၂၀၁၈ ရက်နေ့ကစပြီး စက်မှုလယ်ယာဝင်းအတွင်း မီးသတ်ယာဉ် ၂ စီး၊ တပ်ဖွဲ့ဝင်အင်အား ၆ ဦးနှင့် ယာယီစခန်းချ ဖွင့်လှစ်ထားရှိပါသော်လည်း တိုးပွားလာသည့် ဓာတ်ဆီဆိုင်များ၊ စက်မှုလုပ်ငန်းများနှင့် စပါးပွဲရုံ၊ ပဲပွဲရုံများ၊ လူနေအိမ်ခြေများကြောင့် ရထားလမ်း၏ အနောက်ဘက်ခြမ်း မီးသတ်တပ်ဖွဲ့စခန်း (ခွဲ) တစ်ခု အမြဲတမ်းထားရှိရန် အမှန်တကယ် လိုအပ်နေပါသောကြောင့် (၁) ညောင်လေးပင်မြို့ မီးရထားလမ်း အနောက်ဘက်ခြမ်းတွင် မီးသတ်တပ်ဖွဲ့စခန်း(ခွဲ) တစ်ခုဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိပါက မည်သည့် အချိန်ကာလတွင် ဖွင့်လှစ်ပေးပါမည်နည်းနှင့် အစီအစဉ်မရှိပါက အဘယ်ကြောင့်နည်း ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။