(င)-မိုးညှင်းမြို့နယ်တွင် လိုအပ်လျက်ရှိသော မက်သဒုန်းတိုက်ကျွေးရေးဌာနကို တိုးချဲ့ဖွင့်လှစ် ပေးရန်နှင့် ပြန်လည်ထူထောင်ရေးစခန်း ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မိမိတို့ မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာကွန်ဗင်းရှင်းသုံးခု၏ ပြဋ္ဌာန်းချက်များကို သဘောတူလက်မှတ်ရေးထိုးထားခဲ့ပြီး မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲ များ၊ မူးယစ်ဆေးဝါးဆိုင်ရာဥပဒေများအရ ဖမ်းဆီးအရေးယူခြင်းများကို ထိရောက်စွာဆောင်ရွက် နေသည်ဟုဆိုသော်လည်း ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ရာဇဝတ်မှုတားဆီးရေးရုံး၏ ၂၀၁၆ ခုနှစ် တွင်ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် ဘိန်းထုတ်လုပ်မှုဒုတိယအမြင့်ဆုံးဖြစ်ပြီး ကမ္ဘာ့ထုတ်လုပ်မှု၏ ၁၄ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံက တရားမဝင်ထုတ်လုပ်နေသည်ဟု သိရှိရ ပါကြောင်း၊ မြန်မာနိုင်ငံ၏လူဦးရေသန်းခေါင်စာရင်းအရ လူဦးရေ ၄၄.၉၉ ရာခိုင်နှုန်းသည် အသက် ၁၀ နှစ်အထက်နှင့် အသက် ၃၄ နှစ်ကြားရှိ လူငယ်များဖြစ်သည်ဟု သိရှိရပြီး မြန်မာနိုင်ငံ၏ လူငယ်ထုများ အတွက် မူးယစ်ဆေးဝါးအန္တရာယ် မည်မျှထိကြီးမားနေသည်ကို ခန့်မှန်းသိရှိနိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံ၏လူငယ်အရင်းအမြစ်များ မပျက်စီး နိုင်ရန်အတွက် နိုင်ငံ၏အနာဂတ်ကိုပိုင်စိုးသော မျိုးဆက်သစ်လူငယ်များ ကျန်းကျန်းမာမာဘေးကင်း လုံခြုံစွာဖြင့် စိတ်ဓာတ်ကြံ့ခိုင်စွာကြီးပြင်းလာစေရေး၊ နိုင်ငံ့တာဝန်များကို အသင့်လွှဲပြောင်းတာဝန် ထမ်းဆောင်နိုင်ရေးတို့အတွက် မူးယစ်ဆေးဝါးအမှောင်ထုကြီးကို ရှင်းလင်းဖယ်ရှားပေးရန်အတွက် လည်း အရေးကြီးပါသည်ဟု တိုက်တွန်းနှိုးဆော်ထားခဲ့ပါကြောင်း၊ ထို့ကြောင့် မူဝါဒလုပ်ငန်းစဉ် တစ်ခုကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန်အတွက် လူငယ်ရေးရာမူဝါဒတစ်ရပ်ကိုလည်း ရေးဆွဲ ထားခဲ့သည်ဟု သိရှိရပါကြောင်း၊ ၎င်းလူငယ်ရေးရာမူဝါဒစာအုပ်ထဲတွင် မူးယစ်ဆေးဝါးကြောင့် နိုင်ငံ၏ လူအရင်းအမြစ်များ မပျက်စီးစေနိုင်ရန်အတွက် လူငယ်များ လုပ်ငန်းခွင်နှင့် ပညာရေးပေါင်းစပ်သော သင်ကြားမှု အခွင့်အရေးများရရှိနိုင်ရန် လူငယ်တို့ကိုခြိမ်းခြောက်လျက်ရှိသော မူးယစ်ဆေးဝါး ပြဿနာနှင့် ကူးစက်ရောဂါများ လျှော့ချနိုင်စေရန် ကျန်းမာရေးအသိပညာများ မြှင့်တင်ပေးရန်ဆိုသော ရည်ရွယ်ချက်များလည်းပါရှိသည်ဟု သိရှိရပါကြောင်း၊ အဆိုပါမူဝါဒရည်မှန်းချက်များကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ရှင်းလင်းတိကျသောဗျူဟာများ၊ လိုအပ်သောအရင်းအမြစ်များ ပံ့ပိုး ပေးခြင်းနှင့် လက်တွေ့အောင်မြင်မှု အတိုင်းအတာကို ဆန်းစစ်သည့်ယန္တရားများကလည်း ဟန်ချက်ညီ လှုပ်ရှားရန် လိုအပ်ပါကြောင်း၊ မိမိတို့ ကချင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ဘိန်းစိုက်ပျိုးထုတ်လုပ်မှုတွင် အမြင့်ဆုံးရှိသည်ဟု စစ်တမ်းများအရသိရှိရသည့်အတွက် ကချင်ပြည်နယ်၏ မူးယစ်ဆေးဝါး တိုက် ဖျက်ရေး လုပ်ငန်းစဉ်များတွင် အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းများ၊ အစိုးရဆိုင်ရာအဖွဲ့အစည်းများနှင့် NGO, INGO များနှင့် ပူးပေါင်းဆောင်ရွက်သည့်လုပ်ငန်းများကိုလည်း များစွာတွေ့ရှိရမည်ဖြစ် ပါကြောင်း၊ မိုးညှင်းမြို့နယ် မေတ္တာဖောင်ဒေးရှင်း၏ ၂၀၁၇ ခုနှစ် ကောက်ယူထားသော စာရင်းများအရ မူးယစ်ဆေး သောက်သုံးရုံ၊ရှုရုံမဟုတ်ဘဲ အကြောထဲကို ထိုးသွင်းသောလူနာများက အင်းတော်ကြီး ဒေသ၏ အရှေ့ဘက်ခြမ်းများတွင် ၁၈ နှစ်အောက် ၃၀၂၃ ဦး၊ ၁၈ နှစ်အထက် ၆၀၆၀ ဦး၊ အင်းတော်ကြီး၏ အနောက်ဘက်ခြမ်းကျေးရွာများတွင် ၁၈ နှစ်အောက် ၁၀၀၄ ဦး၊ ၁၈ နှစ်အထက် ၄၀၂၀ ဦး၊ မိုးညှင်းဒေသများတွင် ၁၉၉၈ ဦး ရှိသည်ဟု စာရင်းများသိရှိထားရပါကြောင်း၊
မူးယစ်ဆေးဝါးသုံးစွဲမှုလျှော့ချရေးလုပ်ငန်းစဉ်များအဖြစ် ခုတင် ၁၀၀ ဆေးရုံတွင် မက်သဒုန်းဆေး ရယူနိုင်ရန်အတွက် စင်တာတစ်ခု၊ ၂၅ ခုတင်ဆံ့ ဟိုပင်ဆေးရုံတွင် စင်တာတစ်ခုတို့သာ ဖွင့်လှစ်ထားပြီး အဆိုပါစင်တာတွင် လူဦးရေ ၁၀၀၀ ခန့်ကိုသာ နေ့စဉ်နံနက် ၈ နာရီမှ ၁၂ နာရီအထိ ဆေးတိုက်ကျွေးသည်ကို တွေ့ရှိရပါကြောင်း၊ မိုးညှင်းမြို့နယ်၏ တရားစီရင်ရေးဆိုင်ရာမှတ်တမ်းများ အရ အမှုပေါင်း ၃၂၈ မှုရှိသည့်အနက်၂၄၇ မှုက မူးယစ်မှုများ ဖြစ်ပါကြောင်း၊ ၎င်းမူးယစ်မှုများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅ နှင့် ၁၆ အရ ဆေးသုံးစွဲနေသောလူငယ်များ များစွာဖမ်းဆီးခံထားရသည့်အတွက် မူးယစ်ဆေးဝါးများကို လျင်မြန် လွယ်ကူစွာရရှိနိုင်ရန် ချောင်းဝတိုက်နယ်ဆေးရုံ၊ နမ္မားတိုက်နယ်ဆေးရုံနှင့် အင်းတော်ကြီး အရှေ့ဘက် ခြမ်း နန်မွန်းတိုက်နယ်ဆေးရုံများတွင် ဆေးတိုက်ကျွေးနိုင်သော စင်တာများ ဖွင့်လှစ်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။