(ခ)-မင်းပြားမြို့ကမ်းပြိုထိန်းသိမ်းရေးဆောင်ရွက်ရာ၌ ကျွမ်းကျင်ပညာရှင်များက ကွင်းဆင်းလေ့လာ ပြီး ကောင်းမွန်သော နည်းပညာများဖြင့် ကမ်း ပြိုခြင်း ကို ထိန်းသိမ်းရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်း သည့် မေးခွန်း
ရခိုင်ပြည်နယ်၏ ကစ္စပနဒီမြစ် (ခေါ်) လေးမြို့မြစ်သည် ချင်းပြည်နယ် မှ မြစ်ဖျားခံပြီး ပလက်ဝမြို့နယ်၊ မြောက်ဦးမြို့နယ်၊ မြေပုံ မြို့နယ်နှင့် ပေါက်တော မြို့နယ်များကို စီးဝင်သွားသောမြစ် တစ်စင်ဖြစ်ပြီး မတ်စောက်သော တောင် တန်းပေါ်မှ မြစ်ဖျားခံပြီးသည်ကတစ်ကြောင်း၊ မြစ် တိုတောင်းလွန်းသည်က တစ်ကြောင်း၊ မိုးရေချိန်လက်မ ၂၀၀ ကျော် ရွာသွန်းသည့်ဒေသ ဖြစ်သည် ကတကြောင်း စသည့် အကြောင်း များကြောင့် အလွန်ရေစီး ပြင်းထန်သည့် မြစ် တစ်စင်းလည်း ဖြစ်ပါသည်။ မင်းပြားမြို့၊ မြို့မိမြို့ဖများဖြင့် ဖွဲ့စည်းထားသော ကမ်းပြို ထိန်းသိမ်းရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့၏ တင်ပြချက်အရ နှစ်စဉ် ကမ်းပြိုမှုဟာ အနံ ၁၀ ပေမှ ပေ ၂၀ အထိ၊ မိုးရာသီပြင်းထန်သော ကာလများ တွင် ပေ ၅၀ ခန့်ထိ ပြိုကျကြောင်းကြား သိရပါသည်။ ယခုအချိန်အထိ မင်းပြားမြို့တွင် မြေအလျား ၁ မိုင်နှင့် ၄ ဖာလုံ၊ အနံအားဖြင့် ၆ ဖာလုံခန့် ပြိုကျပျက်စီးသွားပြီးဖြစ်ကြောင်းလည်းသိရပါသည်။ ယင်းကဲ့သို့ ပျက်စီးလာခြင်းများကြောင့် ပြည်သူ့ဆေးရုံ၊ မီးသတ်ဝန်း၊ ဆန်စက်ကွင်း၊ ဘောလုံးကွင်း၊ သမဝါယမ အရောင်းဆိုင်များအပါအဝင် အိမ်ခြေ ၁၀၀၀ ခန့်မှာ မူလနေရာက ပြောင်းရွှေ့သွားခဲ့ရပြီးဖြစ် ကြောင်းလည်းတင်ပြထားပါသည်။ မင်းပြားမြို့ကမ်းပြို ထိန်းသိမ်းခြင်း ကို နှစ်စဉ်နိုင်ငံတော်မှ ဘဏ္ဍာ ငွေများချပေးပြီး သဲအိတ်ချခြင်း၊ ကျောက်ထုတ်ချခြင်း၊ တိုင်လုံးများစိုက်ခြင်း၊ ကွန်ကရစ်နံရံများ တည်ဆောက်ခြင်းစသည်ဖြင့် ကာကွယ်ထိန်းသိမ်းခဲ့ကြပါသည်။ သို့သော်လည်း အောက်ခံမြေ လွှာ မာကျောမှုမရှိသည်က တစ်ကြောင်း၊ နှုန်းမြေအမျိုးအစား ဖြစ်သည်ကတစ်ကြောင်း အောက်ခြေပေ ၂၀ အနက်အထိအောင် လှိုက်စားပြီး တိုက်စားသည့်အတွက် ပြိုကျမြဲ၊ ပြိုကျဆဲဖြစ်သည့်အတွက် ဘဏ္ဍာငွေများသာ ဆုံးရှုံးနစ်နာရပါသည်။ မြို့မိမြို့ဖများ၏ အကြုံပြု တင်ပြချက်အရ မင်းပြားမြို့အထက်ဘက် ၃ မိုင်အကွာတွင် ရာမောင်တံတား တည်ဆောက်စဉ်က ယင်းတံတားကို ကမ်းမပြိုရအောင် မြစ်ညာမှပိုင်တိုင်ကြီးများကို စက်ကြီးများဖြင့်စိုက်ထူပြီး ထိန်းသိမ်းခဲ့ကြရာ တံတား၏ မြေနေရာမှာ မပြိုမပျက်ဘဲ တည်တံ့ခဲ့ကြောင်းကိုလည်း သိရှိခဲ့ရပါသည်။ မင်းပြားမြို့ ကမ်းပြိုထိန်းသိမ်းခြင်း ကို အချိန်မီ မဆောင်ရွက်နိုင်ပါက ရေတိုက်စား မှုကြောင့် မင်းပြားမြို့၏ ဧရိယာ ကျဉ်းလာပြီး “ကြိမ်း”တောင်ခြေရင်း ထိရောက်ရှိလာပါက မင်းပြားမြို့ပါ ပျက်စီး ပျောက်ကွယ် သွားမည် ဖြစ်ပါကြောင်း၊ ယခုဖြစ်ရပ်မှာ ရွာတစ်ရွာ၊ လယ်ကွင်းတစ်ကွင်း ပျက်စီးရသော အရေးမဟုတ်ဘဲ ရခိုင်ပြည်နယ်၏ စည်ကားသော မြို့တစ်မြို့ ပျက်စီးသွားရမည် ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် အတတ်နိုင်ဆုံး ကာကွယ်ရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်မရှိသည့်အတွက် တင်ပြရန်အခက်အခဲ ရှိနေသော အားကိုးရာမဲ့ မင်းပြားမြို့သူ မြို့သားများကိုယ်စား အောက်ပါမေးခွန်းကို မေးမြန်း အကူအညီတောင်းခံ အပ်ပါသည်။
မင်းပြားမြို့ကမ်းပြိုထိန်းသိမ်းရေးဆောင်ရွက်ရာ၌ သမရိုးကျ ထိန်းသိမ်းလုပ်ဆောင်နေခြင်းသည် နိုင်ငံတော်၏ ဘဏ္ဍာငွေများကို အကျိုးမရှိ အလဟသဖြုန်းတီးရာရောက်ပါသဖြင့် သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ကွင်းဆင်းလေ့လာပြီး ပိုမိုကောင်းမွန်သော နည်းပညာများအသုံးပြု၍ ကမ်းပြိုခြင်းကိုထိန်းသိမ်းရန် အစီအစဉ်ရှိ/မရှိသိလိုပါကြောင်း မေးမြန်းပါသည်။
[ ကျောက်တော်မဲဆန္ဒနယ်မှ ဦးသာစိန်ကိုယ်စား မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်းမှ မေးမြန်းပါသည်။ ]