(ည)-ချင်းပြည်နယ်၏ ဆင်းရဲနွမ်းပါးမှု လျော့ပါးရေး အတွက် ဆောင်ရွက်ပေးခဲ့သည့် စာရင်းဇယား များနှင့် ကုန်ကျစရိတ်များကို ထင်သာမြင်သာ ရှိအောင် ထုတ်ပြန်ပေးနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-17

ဦးခွန်လိန်း (ဖလမ်း) မိမိတို့နိုင်ငံ၏ တိုင်းနှင့် ပြည်နယ် ၁၄ ခုထဲတွင် ချင်းပြည်နယ်သည် ဆင်းရဲနွမ်းပါးမှု အမြင့်ဆုံးဖြစ်ပါကြောင်း၊ ချင်းပြည်နယ်ကို နိုင်ငံတော်မှ ဆင်းရဲနွမ်း ပါးမှုလျော့ချရန် ရရှိလာသော ဖွံ့ဖြိုးရေးရန်ပုံငွေများကို မည်သည့်နေရာမှ ရရှိလာပြီး မည်သည့်နေရာများတွင် မည်ကဲ့သို့ သုံးစွဲနေသည်ကို ဒေသခံပြည်သူများအနေဖြင့် လုံးဝမသိရှိပါကြောင်း၊ ယင်းကဲ့သို့သော ဒေသခံပြည်သူများ၏ နား၊ မျက်စိ ပိတ်မိနေရသည်ဟု မိမိအနေဖြင့်ယူဆမိပါကြောင်း၊ ထို့ကြောင့် ချင်းပြည်နယ်၏ ဆင်းရဲ နွမ်းပါးမှုလျော့ပါးရေးအတွက် ယနေ့အထိ အစိုးရမှ ဆောင်ရွက်ပေးခဲ့သည့် စာရင်း ဇယားများနှင့် ကုန်ကျစရိတ်အရပ်ရပ်ကို ထင်သာမြင်သာရှိအောင် လမ်းဖောက်လုပ်ရေး၊တယ်လီဖုန်း တာဝါတိုင်  တီဗွီ၊ စွမ်းအင်စသည်ဖြင့် လိုအပ် သည့် နေရာများတွင် မည်သို့သုံးစွဲသည်ကို မိမိတို့က သိခွင့်ရှိ/မရှိနှင့် ထင်သာမြင်သာ ရှိအောင် ထုတ်ပြန်ပေးနိုင်ခြင်းရှိ/မရှိ မေးမြန်းပါသည်။