(စ)-ပြည်ထောင်စုနေ့ အခမ်းအနားကိုစည်ကား သိုက်မြိုက်စွာကျင်းပရန်နှင့် ပြည်ထောင်စု အလံတော် သယ်ဆောင်ခြင်း အခမ်းအနားနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-17

ဦးစိုင်းငေါင်းဆိုင်ဟိန်း (မောက်မယ်) ဒီမိုကရေနိုင်ငံတော်သစ်၏ အစိုးသစ်လက်ထက်တွင် (၆၄) ကြိမ် မြောက်နှင့် (၆၅)ကြိမ်မြောက်  ပြည်ထောင်စုနေ့ အခမ်းအနားကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များအားလုံး တက်ရောက်ဆင်နွှဲခွင့်ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ် (၆၆)ကြိမ်မြောက်  ပြည်ထောင်စုနေ့ အခမ်းအနားတွင် တိုင်းရင်းသား ကိုယ်စားလှယ်များ၊ ယဉ်ကျေးမှုအဖွဲ့များနှင့် ငြိမ်းချမ်းရေးဆောင်ရွက်ထားသည့် အဖွဲ့အစည်းများဖြင့် ကျင်းပခဲ့ကြပါကြောင်း၊  တိုင်းရင်းသားပေါင်းစုံ ဖွဲ့စည်း မှီတင်းနေထိုင်ကြသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး တွင် ပြည်ထောင်စုနေ့သည် နေ့ထူးနေ့မြတ်ကြီးဖြစ်သည်နှင့်အညီ ယခင်အစိုးရ လက်ထက်၌ ပြည်ထောင်စုနေ့အခမ်းအနားကို အမြို့မြို့အနယ်နယ် တွင် လူထု ချီတက်ပွဲ၊ ပြပွဲ၊ ပြိုင်ပွဲ၊ အားကစားပြိုင်ပွဲများနှင့် တိုင်းရင်းသားရိုးရာ အကများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည့်အပြင် ပြည်နယ်နှင့် တိုင်းဒေသကြီး အနှံ့ ပြည်ထောင်စုအလံတော်သယ်ဆောင်ခြင်း အခမ်းအနားကိုလည်း အထူးအစီအစဉ် တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်ခဲ့ကြပါကြောင်း၊ယနေ့ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပပုံကို လေ့လာကြည့်ပါက နယ်မြို့ဒေသများတွင် နိုင်ငံတော်အလံအလေးပြုခြင်း အခမ်းအနားနှင့် နိုင်ငံတော်သမ္မတကြီးမှပေးပို့သော သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားများကို သာ ဆောင်ရွက်နိုင်သည်ကိုတွေ့ရှိရပြီး ဌာနဆိုင်ရာပြခန်းများ ခင်းကျင်း ပြသခြင်း၊ ကျောင်းသူ/သားများ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပခြင်း၊ စုပေါင်းသွေးလှူဒါန်းခြင်းအစီအစဉ်များကို အချို့မြို့ကြီးများ တွင်သာ ဆောင်ရွက်နိုင်ကြောင်း၊ သို့ဖြစ်ပါ၍ ဒီမိုကရေစီနိုင်ငံတော်ခေတ်သစ်ကြီးတွင် မျိုးဆက်သစ် လူငယ်လူရွယ်များ ပြည်ထောင်စုနေ့၏အနှစ်သာရကို ပိုမိုထိတွေ့ခံစားနိုင်စေရန်နှင့် တိုင်းရင်းသားစည်းလုံး ချစ်ကြည်မှု အစဉ်ရှင်သန်စေရန် ရည်သန်လျက် နှစ်စဉ်ပြည်ထောင်စုနေ့အခမ်းအနားကို ပြပွဲ၊ ပြိုင်ပွဲ၊ အားကစားပွဲ၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုထုတ်ဖော်ပြသပွဲတို့ဖြင့် အမြို့မြို့အနယ်နယ်တို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန် အစီအစဉ်ရှိ/မရှိနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအနှံ့ ပြည်ထောင်စုအလံတော် သယ်ဆောင်ခြင်း အခမ်းအနားကို ပြန်လည် ထုတ်ဖော် ဆောင်ရွက်သွားရန် အစီအစဉ်ရှိ/မရှိကိုမေးမြန်းပါသည်။