(ဃ)-မီးချောင်းတံတား၊ သဲမချောင်းတံတားနှင့် နှမဒါချောင်းတံတား တည်ဆောက်ရေးတွင် ရထားသွားတံတားပါ ပူးတွဲဆောက်လုပ်ပေးရန် အစီ အစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-17

ဦးပိုက်လင်း (ပလက်ဝ) တိုင်းဒေသကြီးနှင့်ပြည်နယ်များအနက် ရထားလမ်းမရှိသေးသော ပြည်နယ်သည် ချင်းပြည်နယ်သာဖြစ်ပါကြောင်း၊ ချင်းပြည်နယ်ရှိ တခြားမြို့နယ်များ သည် မြင့်မား လှသော တောင်ကုန်းပေါ်တွင် တည်ရှိသောကြောင့်  ရထားလမ်းဖောက်ရန် မလွယ်ကူလှသော်လည်းပဲ ပလက်ဝမြို့သည် ကျောက်တော်မြို့ အရှေ့ဘက် မှ မြေပြန့်လွင်ပြင်အဖြစ် တစ်ဆက်တစ်ဆက်တည်းရှိရာ ရထားလမ်းအတွက် အခက်အခဲရှိမည် မဟုတ်ကြောင်း၊ ယခုအခါ စစ်တွေ-ပုဏ္ဏားကျွန်း -ကျောက်တော်မြို့-မြောက်ဦးမြို့များသို့ ရထားဖြင့် သွားလာနိုင်ပြီဖြစ်ရာ ပလက်ဝ-ကျောက်တော်ကားလမ်း ၃၄ မိုင် ၄ ဖာလုံသည် တောင်ကုန်းမရှိ မြေပြန့် သာဖြစ်သည့် အတွက် ရထားလမ်းဖောက်လုပ်ပါက ကျောက်တော်-မြောက်ဦး-ပလက်ဝမြို့နယ် ပြည်သူများ သာမက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ပြည်သူများ အတွက်ပါ အကျိုးကျေးဇူးရှိမယ်ဖြစ်ပါကြောင်း၊ ပလက်ဝ-ကျောက်တော်ကားလမ်း တွင် ပေ ၄၂၀ အရှည်ရှိ  မီးချောင်းတံတား၊ ပေ ၃၂၀ အရှည်ရှိ သဲမချောင်းတံတား၊ ပေ ၃၄၀ အရှည်ရှိ နှမဒါချောင်းတံတား တည်ဆောက်ရာတွင် ရထားသွားတံတားပါ ပြုလုပ်ပါက အဆင်ပြေချောမွေ့ မည်ဖြစ်ပြီး  ရထားလမ်းမရှိသော ပြည်နယ်အဖြစ်မှလည်း လွတ်မြောက်သွားမှာဖြစ်ပါကြောင်း၊ထို့ကြောင့် ရထားလမ်းအတွက် လေ့လာတိုင်းတာရေးလုပ်ငန်း ဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ/မရှိနှင့် မည်သည့် ကာလတွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလို ကြောင်းမေးမြန်းပါသည်။