(က)-ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အနေဖြင့် ဝန်ထမ်းအင်အား တိုးချဲ့ဖွဲ့စည်းခြင်းနှင့် မြို့နယ်ရုံးခွဲများ တိုးချဲ့ဖွင့်လှစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17

ဦးအောင်ကျော်ခင် (ကျောက်တန်း) ယနေ့မြန်မာနိုင်ငံတွင် တိုင်းနှင့် ပြည်နယ်၊ မြို့ရွာအသီးသီးများ တွင် မော်တော်ဆိုင်ကယ်များကို တွင်တွင် ကျယ်ကျယ် စီးနင်းအသုံပြုလျက် ရှိကြပြီး ကျေးရွာ အချင်းချင်းနှင့် မြို့နယ်များအထိ အချိန်ကုန်သက်သာစွာ စီးနင်း အသုံးပြုနေသည်ကိုလည်း တွေ့ရှိနေရပါသည်။ သို့ရာတွင် အချို့သော ဆိုင်ကယ်စီးနင်းသူများမှာ ဆိုင်ကယ်ဦးထုပ်မဆောင်းခြင်း၊ မူးယစ် သောက် စားမောင်းနှင်ခြင်း၊ ဆိုင်ကယ်အိပ်ဇောဖြုတ်စီးခြင်း၊ အရွယ်မရောက်သေးသော လူမမယ်များ စီးနင်းနေခြင်းများကြောင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု အားနည်းနေသည်ကို တွေ့ရှိနေရပြီး ယာဉ်တိုက်မှု၊ ယာဉ်မတော်တဆမှုများ နေ့စဉ်နှင့်အမျှ ကြုံတွေ့ နေကြရပါကြောင်း၊ အထူးသဖြင့် မြို့နယ်များတွင် အဖြစ်များပြီး ကိုယ်လက်အင်္ဂါထိခိုက်ကာ အသက် သေဆုံးသည်အထိ တွေ့မြင်ကြရပါကြောင်း၊ သတ်မှတ် ယာဉ်ကြောများမှ မမောင်းနှင်သည့် အတွက်လည်း မော်တော်ကားမာင်းနှင်သော မော်တော်ယာဉ်မောင်းများ အနေဖြင့် စိတ်အနှောက်အယှက်ဖြစ်ကြရပါကြောင်း၊ သက်ဆိုင်ရာ ဝာာဝန်ရှိဌာနများမှ အသိပညာပေး အစီအစဉ်များကို ပြုလုပ် ဆောင်ရွက်နေသော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် မော်တော်ဆိုင်ကယ် စီးနင်းအသုံးပြုသူများမှာ များပြားလွန်းသည့်အတွက်  စည်းကမ်းလိုက်နာမှု အားနည်းနေသေးသည်ကို လည်း လေ့လာတွေ့ရှိရပါကြောင်း၊ သက်ဆိုင်ရာဌာနများ အနေဖြင့် ဝန်ထမ်းအင်အားများ တိုးချဲ့ပြီး မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအလိုက် ယာဉ်မောင်းလိုင်စင်များ စိစစ်ထုတ်ပေးခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး အစီအစဉ်များကို ပြည်သူလူထုနှင့် ပူးပေါင်းပြီး ဆင့်ပွားသင်တန်းများ ပြုလုပ်ပေးနိုင်ပါက များစွာ အကျိုးသက်ရောက်မှုရှိမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မော်တော်ဆိုင်ကယ် စီးနင်း အသုံးပြုသူများအား ယာဉ်မောင်းလိုင်စင်များ ထုတ်ပေးခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး အစီအစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အနေဖြင့် ဝန်ထမ်းအင်အား တိုးချဲ့ဖွဲ့စည်းခြင်းနှင့် မြို့နယ်ရုံးခွဲများ တိုးချဲ့ဖွင့်လှစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်ကဲ့သို့ စီစဉ်ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။