(ည)-ပင်စင်ဦးစီးဌာနရုံးများ မြို့နယ်တိုင်းတွင် ဖွင့်လှစ်ရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
ပင်စင်ဦးစီး ဌာနရုံးများ မြို့နယ်တိုင်းတွင်ဖွင့်ပေးရန်သင့်ပါကြောင်းနှင့် ဖွင့်ပေးမည့်အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း၊ မိမိအပါအဝင် ပြည်သူ့အများ သည် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်နှင့် အမြဲဆက်သွယ် တွေ့ထိနေသည့် အတွက်ကြောင့် ယင်းဘဏ်များ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို တစ်စေ့ တစ်စောင်း လေ့လာ သိရှိခဲ့ရပါသည်။ ၁၉၉၆ ခုနှစ် ဧပြီလတွင် နိုင်ငံ့ဝန်ထမ်းများ အား ၁၀ လစာချေးငွေ ထုတ်ပေးသည့် ကျေအေးပြီး ချေးငွေကိစ္စရပ်တွင် ထုတ်ချေးငွေ စာရင်းများအား သက်ဆိုင်ရာဌာနများ ထိန်းသိမ်းစောင့်ရှောက်ရန် ကိစ္စကို မြန်မာ့စီးပွားရေးဘဏ်၏ အကြီးအကဲများမှ မတင်ပြရဲသော ဖြစ်ရပ်ကြောင့် ကျေအေးပြီး ချေးငွေစာရင်း များသည့် မြန်မာ့ စီးပွားရေး ဘဏ်တွင် ယခုအချိန်အထိ စာရင်းမကျေဘဲ ဝန်ထုပ် ဝန်ပိုးကြီး ဖြစ်နေကြောင်းလည်း သိရပါသည်။ အငြိမ်းစားများအား ပင်စင်လစာ ထုတ်ပေးခြင်းလုပ်ငန်းသည် မြန်မာ့စီးပွားရေးဘဏ်၏ လုပ်ငန်းမဟုတ်ဘဲ ပင်စင်ဦးစီးဌာန၏ လုပ်ငန်း ဖြစ်သော်လည်း မြန်မာ့စီးပွားရေးဘဏ်သည် စစ်ဘက်၊ နယ်ဘက်၊ နိုင်ငံရေးပင်စင်လစာငွေများကို ယခုအချိန်အထိ ထုတ်ပေးလျက်ရှိပါကြောင်း၊ အငြိမ်းစားများအား အဆင်ပြေစေရေးကိုရှေးရှုလျက် “E” ပင်စင်စနစ်ကို ၂၀၁၂ သြဂုတ်လကစတင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း အီးပင်စင် လုပ်ငန်းဆောင်ရွက်ရာတွင် ကွန်ပျူတာဆက်စပ်ပစ္စည်း တစ်စုံတည်းကိုသာ ထုတ်ပေးသဖြင့် တချို့သော ဘဏ်များတွင် ကွန်ပျူတာကျွမ်းကျင်ဝန်ထမ်း နည်းပါးသဖြင့် အငြိမ်းစားများသည် အချိန်ကြာမြင့်စွာစောင့်ဆိုင်းပြီးမှ ပင်စင်လစာကိုရကြရာ အကယ်၍သာ ပင်စင်ဦးစီးဌာနရုံးများကို မြို့နယ်တိုင်းတွင်ဖွင့်လှစ်ပေးမည်ဆိုပါက အငြိမ်းစားများအားလုံးအတွက် အထူးအဆင်ပြေသွားမည် ဖြစ်ပါကြောင်း၊ မိမိဌာန၏ လုပ်ငန်းမဟုတ်ဘဲ စစ်ဘက်၊ မြို့ဘက်၊ နယ်ဘက်၊ နိုင်ငံရေးပင်စင်စားတွေကို ပင်စင်ထုတ်ပေးနေရသည့် နိုင်ငံတော် ဘဏ်ဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်သည်လည်း ဝန်ထုပ်ဝန်ပိုးလျာ့ကျပြီး မိမိတို့၏ ဘဏ်လုပ်ငန်းကို ပိုမိုစွမ်းစွမ်းတမံ ဆောင်ရွက်နိုင်မည် ဖြစ်ပါသဖြင့် မြို့နယ်တိုင်းတွင် ပင်စင်ဦးစီးရုံးများ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိသိလိုကြောင်း မေးမြန်းပါသည်။