(က)-သစ်သားတံတားများနှင့် ဘေလီသစ်သားတံတားများ၌ အသုံးပြုသစ်များနေရာတွင် hollow လေးထောင့် သံပိုက်များဖြင့် အစားထိုးဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-17

လမ်းပန်းဆက်သွယ်ရေးအဆင်ပြေချောမွေ့စေရန်အတွက် လုပ်ငန်းတန်ဖိုးကြီးမားသော သံကူကွန်ကရစ် တံတားများမတည်ဆောက်နိုင်မီ သစ်သားတံတားများ၊ ဘေလီသစ်သားတံတားများနှင့် ယာယီနှစ် အပိုင်းအခြားအတွက်ဖြစ်စေ၊ ကာလအတန်ကြာအတွက်ဖြစ်စေ ဆောက်လုပ်သုံးစွဲနေကြရဆဲဖြစ် သည်ကို တွေ့ရှိရပါကြောင်း၊ လက်ရှိအခြေအနေတွင် သစ်တော၊ သစ်ပင်များနည်းပါးလာခြင်းနှင့် သက်တမ်းရင့်သစ်ပင်များမရှိသလောက် ရှားပါးလာခြင်းစသည့်အခြေအနေများကြောင့် ရရာသစ်များ၊ သက်တမ်းနုသစ်များကို အသုံးပြုနေရသည့်အတွက် တံတား၏ခံနိုင်ဝန်နှင့်အရည်အသွေးများ နိမ့်ကျ လာသောကြောင့် တံတားများတည်ဆောက်ပြီး မကြာမီလေလွင့်ပျက်စီးမှုများဖြစ်လာပြီး မကြာခဏ ပြန်လည်ပြင်ဆင်နေရသည့်အတွက် နိုင်ငံတော်အတွက်နစ်နာဆုံးရှုံးမှုများစွာ ဖြစ်ပေါ်နေရသည်ကို လည်း တွေ့ရှိရပါကြောင်း၊ သစ်ကိုမသုံးမဖြစ်သုံးစွဲနေရတာဖြစ်သည့်အတွက် သစ်တော၊ သစ်ပင်ပျက်စီး ပျောက်ဆုံးလာမှု၊ ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင်ထိခိုက်လာစေမှု၊ ဂေဟစနစ်ပျက်ယွင်းလာစေမှု စသည့်အကျိုးဆက်များနှင့် နိုင်ငံခြားဝင်ငွေရရှိမှုလျော့နည်းကျဆင်းလာစေမှုစသော ရလဒ်များရရှိလာ နိုင်မည် ဖြစ်ပါကြောင်း၊

ယခုကဲ့သို့သစ်များကိုအသုံးပြုရာတွင် အကြမ်းခံ၊ ရေရှည်ခံသော hollow လေးထောင့်သံပိုက်များဖြင့် အစားထိုးဆောင်ရွက်မည်ဆိုပါက ရရှိလာနိုင်မည့်အကျိုးရလဒ်အနေဖြင့် လေ့လာကြည့်ရာတွင် မိမိတို့ မြို့နယ်က န.တ.လ ရန်ပုံငွေဖြင့် သစ်အစားထိုးသံပိုက်တံတား တည်ဆောက်ဆောင်ရွက်ထားမှု အခြေအနေနှင့် နှိုင်းယှဉ်တင်ပြလိုပါကြောင်း၊ ၁၀ ပေအရှည်၊ ၁၆ ပေအကျယ် တံတားတစ်စင်း ဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ အဓိကတံတားအပေါ်ထည်ပိုင်းဖြစ်သော ယက်မ၊ အခင်း၊ ဘီးလမ်း၊ လက်ရမ်းတန်း၊ လက်ရမ်းတိုင်နှင့် လက်ရမ်းထောက်တိုင်တို့အတွက် ကုန်ကျစရိတ်အနေအထားကို လေ့လာကြည့်ရာတွင် မိမိတို့ဒေသဈေးနှုန်းအရ အကြမ်းတွက်ချက်ကြည့်သည့်အခါ ၁၆ ပေအကျယ် တံတားတစ်စင်းအတွက် တစ်ပေကုန်ကျစရိတ် တောသစ်ဖြင့် ကျပ်တစ်သိန်းကျော်၊ ပျဉ်းကတိုးသစ်ဖြင့် ၁.၇ သိန်းခန့် ကုန်ကျမည်ဖြစ်ပြီး‌  hollow သံပိုက်ဖြင့်  ၂.၂ သိန်းခန့် ကုန်ကျနိုင်မည် ဖြစ်ပါကြောင်း၊ လက်ရှိသစ်များသည် သက်တမ်းနုသည့်အတွက် တည်ဆောက်ပြီး လပိုင်းအတွင်းလေလွင့်ပျက်စီးမှု အကြိမ်ကြိမ်ပြုပြင်ရသည့် အခြေအနေရှိပြီး hollow သံပိုက်တံတားက လေးနှစ်၊ ငါးနှစ်ခန့် ကြာသည် အထိ ခိုင်ခံ့ကောင်းမွန်နေပါကြောင်း၊ ထိုကဲ့သို့အစားထိုးဆောင်ရွက်ခြင်းအားဖြင့် ရေရှည်ခိုင်ခံ့မှုရရှိ လာခြင်း၊ လက်ရှိဆောင်ရွက်ထားသောတံတားကို ကွန်ကရစ်အဆင်‌့မြှင့်မည်ဆိုပါက အသုံးပြုထား သော Hollow ဖရိန်များကို လိုအပ်သည့်တံတားသစ်များတွင် ပြောင်းရွှေ့အသုံးပြုနိုင်ခြင်းစသော နိုင်ငံတော်၏အသုံးစရိတ်ခြိုးခြံခြွေတာရာရောက်ပြီး အကျိုးရှိနိုင်ခြင်း၊ ၁၀ ပေအရှည် သစ်သားတံတား တစ်စင်း၏ အပေါ်ထည်သစ်သားလိုအပ်ချက်သည် သစ်ပမာဏနှစ်တန်ကျော်ကျော်ကုန်ကျမည်ဖြစ် သည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာအရ သစ်သားတံတားပေါင်းများစွာအတွက်လိုအပ်မည့် သစ် ပမာဏ များစွာပျောက်ဆုံးနိုင်သည့်အတွက် သစ်ပင်များထိန်းသိမ်းထားနိုင်လာခြင်း၊ သစ်များကို နိုင်ငံခြားဝင်ငွေ အစားထိုးရှာဖွေပေးလာနိုင်ခြင်း စသောအကျိုးရလဒ်များရရှိလာနိုင်မည် ဖြစ်သည့် အတွက်  နိုင်ငံတော်မှဆောင်ရွက်လျက်ရှိသော သစ်သားတံတားနှင့် ဘေလီသစ်သားတံတားများ အတွက် တံတားကိုယ်ထည်သစ်သုံးစွဲရာတွင် hollow သံပိုက်များနှင့် အစားထိုးဆောင်ရွက်ရန် အစီ အစဉ်ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။