(ဃ)-ပင်းတလဲ-မိတ္ထီလာကားလမ်းပေါ်ရှိ ပျက်စီးနေသောသင်ပုန်းချောင်းရေကျော်ကို ပြန်လည်ပြုပြင် ပေးရန်နှင်‌့ ရေကျော်လုပ်ငန်းကို တာဝန်ယူလုပ်ကိုင်ခဲ့သော တာဝန်ရှိသူများအား မည်သို့စီမံ ဆောင်ရွက်ပေးမည်ကိုသိလိုခြင်းနှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

2020-12-17

ဝမ်းတွင်းမြို့နယ်၊ ပင်းတလဲကျေးရွာ၊ မိတ္ထီလာနှင့်ဆက်သွယ်ထား ကတ္တရာလမ်းပေါ်တွင် သင်ပုန်းချောင်းရှိပါကြောင်း၊ လမ်းခရီးသွားလာရေး လွယ်ကူစေရန်အတွက် သင်ပုန်းချောင်းကို ဖြတ်ကျော်လာနိုင်အောင် ကွန်ကရစ်ရေကျော်ကို မြို့နယ်စည်ပင်သာယာနှင့် အလှူရှင်များက စတင်ပြီး တည်ဆောက်ခဲ့ပါကြောင်း၊ ၎င်းရေကျော်ပျက်စီး သွားသည့်အတွက် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘဏ္ဍာငွေမှ ကျပ်သန်း ၂၁.၂၉၃ သန်းဖြင့် မြို့နယ်ကျေးလက် ဦးစီးဌာနမှ တာဝန်ယူပြုပြင်ခဲ့ပါကြောင်း၊ ယခုလိုပြုပြင်ပြီး တစ်နှစ်အတွင်း ပျက်စီးသွားသည့်အတွက် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် တိုင်းရန်ပုံငွေဘတ်ဂျက်မှ သန်း ၂၀ ဖြင့် ခရိုင်ကျေးလက်ဦးစီးဌာနကနေ ဆက်လက်ပြီး တာဝန်ယူပြုပြင်ခဲ့ပါကြောင်း၊ ပြုပြင်သည့်အခါမှာလည်း တစ်နှစ်အတွင်း ပြန်လည်ပြီး ပျက်စီးသွားပါကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေ အမြောက်အမြား အကုန်အကျခံပြီး သွားရေးလာရေး လွယ်ကူစေရန် ရေကျော်လုပ်ငန်းကို ပြုပြင်ပေးခဲ့သော်လည်း ခိုင်ခန့်မှုမရှိဘဲ တည်ဆောက်ခြင်း များသည် တစ်နှစ်အတွင်း ထပ်မံပျက်စီးသည့်အတွက် ရေကျော် တည်ဆောက်ရေးကို လုပ်ကိုင်သည့် ကျေးလက်ဦးစီးဌာနများ တာဝန်ယူရန်လိုအပ်မည်ဟု ယူဆမိပါကြောင်း၊ နိုင်ငံတော်ဘတ်ဂျက်မှ ၄၁၃ သိန်းခန့်သည် အဟောသိကံ ဖြစ်ခဲ့ရသည့် အနေအထားဖြစ်နေပါကြောင်း၊ ရေကျော်တည်ဆောက်သည့် နေရာတွင် အောက်မှာကျောက်များနှင့် ကွန်ကရစ်ဖြင့် စီသည့်နေရာတွင် အပြည်‌့မစီဘဲ ခိုထားသည်ဟု ယူဆမိပါကြောင်း၊ ဆောက်လုပ်သည့် နေရာတွင်လည်း သဲများ ထည့်သည့်အတွက် လှိုက်စားပြီး ပြတ်ကျသည့် နေရာတွင် လှိုင်ခေါင်းများဖြစ်သည့် အနေအထားကို ကြည်‌့ခြင်းအားဖြင့် သိသာလျက်ရှိပါကြောင်း၊ အောက်တွင်ကျောက်အပြည့်စီ ထားခြင်းမရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ပင်းတလဲ-မိတ္ထီလာကားပေါ်ရှိ ပျက်စီးနေသည့် သင်ပုန်းချောင်းရေကျော်ကို ပြန်လည်ပြုပြင်ပေးရန်နှင့် ရေကျော်လုပ်ငန်းကို တာဝန်ယူလုပ်ကိုင်ခဲ့သော ခရိုင်/မြို့နယ်/ကျေးလက် ဦးစီးဌာနမှ တာဝန်ရှိသူများကို မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။