(ဂ)-လှိုင်သာယာမြို့နယ်အတွင်း အဓိကလမ်းမကြီးများသည် ပျက်စီးနေပါသဖြင့် ပြန်လည်ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
လှိုင်သာယာမြို့နယ်တွင် စက်မှုဇုန်များရှိပြီး စက်ရုံ၊ အလုပ်ရုံများ လုပ်ငန်းလည်ပတ်နိုင်ရန်နှင့် ထုတ်ကုန်/သွင်းကုန်များ ဆောင်ရွက်နိုင်ရန်အတွက် ကုန်သေတ္တာတင်ယာဉ်ကြီးများ သွားလာမောင်းနှင် ကြပါကြောင်း၊ ထို့အတူ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးသို့ ကုန်စည်များ ပို့ဆောင်ဆက်သွယ်နိုင်ရန်အတွက် ကုန်စည်ယာဉ်များလည်း ၎င်းလမ်းမကြီးများကို အဓိကထားပြီး သွားလာနေရပါကြောင်း၊ ၎င်းလမ်းမကြီးများသည် ကုန်သေတ္တာယာဉ်များ၊ ကုန်တင်ယာဉ်များ အများဆုံးမောင်းနှင်ကြသဖြင့် ယခုအခါ ပျက်စီးနေပြီဖြစ်ပါသောကြောင့် ၎င်းပျက်စီးနေသော လမ်းမများကို မိုးမကျခင်က တစ်ခါပြင်ပါကြောင်း၊ မိုးကုန်သသည့်အခါတွင်လည်း ဖာထေးပြီး တစ်ခါပြုပြင်ကြပါကြောင်း၊ လမ်းမကြီးများကို ပြင်ဆင်ပြီး မကြာခဏပြန်လည် ပျက်စီးနေခြင်း၊ နှစ်စဉ်နှစ်တိုင်း ထိုကဲ့သို့ ပြုပြင်မြဲဆောင်ရွက်နေခြင်းသည်လည်း နည်းပညာအားနည်းခြင်းနှင့် ဒီဇိုင်းအားနည်းခြင်းကြောင့်လားဆိုစသည့် ကိစ္စမျိုးများ ဖြစ်ပေါ်ရခြင်း ဖြစ်ပါကြောင်း၊ လမ်းပြင်ဆင်သူ ကြီးကြပ်သူအင်ဂျင်နီယာများ၊ တာဝန်ခံများကလည်း မိမိတို့ပြင်ဆင်သည့် လမ်းပိုင်းအား လုပ်ငန်းစတင်မည့်အချိန်၊ လုပ်ငန်းပြီးဆုံးမည့်အချိန် စသည်တို့ကို သတ်မှတ်ဆောင်ရွက်ခြင်း မရှိပါကြောင်း၊ စသည့်အားနည်းချက်များကြောင့် နိုင်ငံ့ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံး စေပါကြောင်း၊ လမ်းခင်းပစ္စည်းတို့၏ အရည်အသွေးတို့သည်လည်း အလွန်အရေးကြီးပြီး စနစ်တကျစံချိန် စံညွှန်းများအတိုင်း ဆောင်ရွက်မှသာလျှင် စံချိန်စံညွှန်း ပြည့်မီသော လမ်းတစ်ခုဖြစ်နိုင်မည် ဖြစ်ပါကြောင်း၊
လှိုင်သာယာမြို့နယ်အတွင်းရှိ အဓိက Main လမ်းမကြီးများဖြစ်သော ရန်ကုန်-ပုသိမ်လမ်း၊ ရန်ကုန်-ညောင်တုန်းလမ်း၊ အနော်ရထာလမ်း၊ ရွှေပြည်သာတံတား ချဉ်းကပ်လမ်းစသည့် လမ်းမကြီးများကို အဆင့်မီပြုပြင်ပေးရန်အတွက် လမ်းမကြီးများကို စံချိန်မီပြန်လည်ပြုပြင်ခြင်း၊ လူသွားစြင်္ကံ ပလက်ဖောင်းများနှင့် လမ်းမများပေါ်တွင် ရေမတင်စေရန်အတွက် ရေနုတ်မြောင်းများတစ်ပါတည်း ပြုပြင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စီစဉ်ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်အချိန်ကာလတွင် စတင်ဆောင်ရွက်ပေးပြီး စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါက မည်သည့်အတွက်ကြောင့် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။