(ဃ)-မတူပီမြို့နယ် ဆဘောင်သဲကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန (ခွဲ) အား ကျေးလက် ကျန်းမာရေးဌာန အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17

မတူပီမြို့နယ်၊ ဆဘောင်သဲကျေးရွာသည် မတူပီမြို့မှ မိုင် ၁၀၀ ခန့်ကွာဝေးပြီး အိန္ဒိယနယ်စပ် နယ်နမိတ်ကျောက်တိုင်နှင့် နှစ်မိုင်ခန့်ကွာဝေးသည့် နယ်စပ်ကျေးရွာ တစ်ရွာဖြစ်ပါကြောင်း၊ ဆဘောင်သဲကျေးရွာတွင် အထက်တန်းကျောင်းရဲစခန်းနှင့် တပ်စခန်းများရှိသော်လည်း ကျန်းမာရေးဌာနခွဲအဆင့်သာ ရှိသည့်အတွက် ကျောင်းသားပြည်သူများ၏ ကျန်းမာရေးစောင့် ရှောက်မှုကို လုံလောက်စွာမပေးနိုင်ပါကြောင်း၊ ကျန်းမာရေးဌာနအဆောက်အဦမှာလည်း ဟောင်းနွမ်းယိုယွင်း နေပြီဖြစ်သည့်အတွက် အသုံးပြုနိုင်ခြင်းမရှိသည့်အတွက် အုပ်ချုပ်ရေးမှူး နေအိမ်ကိုသာ ဆေးခန်းလုပ်နေရသည့် အခြေအနေဖြစ်ပါကြောင်း၊ ကျန်းမာရေးဌာန ဝန်ထမ်းများအတွက်၊ ဝန်ထမ်းအိမ်ရာခြင်းကြောင့် ဝန်ထမ်းများကလည်း အမြဲနေထိုင်လေ့မရှိဘဲ တစ်လတစ်ခေါက်သာ သွားရောက်ပြီး ၂ ရက်၊ ၃ ရက် အုပ်ချုပ်ရေးမှူးနေအိမ်တွင် တည်းခိုနေရပြီး ပြန်သွားလေ့ရှိသည့်အတွက် ပြည်သူများ၏ ကျန်းမာရေးကို စောင်‌့ရှောက်မပေးနိုင်ခဲ့ပါကြောင်း၊ ဆဘောင်သဲကျေးရွာနှင့် ၁၀ မိုင် ခန့်ကွာဝေးသော ဆဘောင်သဲကျေးရွာတွင် ကျေးလက်ကျန်းမာရေး ဌာနရှိသော်လည်း ချင်းပြည်နယ်၏ ရာသီဥတုအရ မိုးကာလတွင် သွားလာရေးအင်မတန် ခက်ခဲသည့်အတွက် ပြည်သူများ၏ ကျန်းမာရေးစောင်‌့ရှောက်မှုသည် အခက်အခဲများစွာ ရှိနေရပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် သတ်မှတ်ထားသည့် စံနှုန်းများအတိုင်း ဆုပ်ကိုင်ထားခြင်းမရှိဘဲ မြေပြင်အခက်အခဲအလိုက် မူဝါဒများကို ဖြေလျှော့ပေးပြီးမှ လက်တွေ့အခက်အခဲနှင့် အခြေအနေမှန်အရ လိုအပ်ချက်များကို အခြေခံပြီး ဆဘောင်သဲကျေးရွာ ကျန်းမာရေးဌာနခွဲအား ကျန်းမာရေးဌာနဌာနအဖြစ် တိုးမြှင့်ဆောင်ရွက် ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။