(င)-လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်များမှ လျှောက်ထားသည့် သူနာပြု/သားဖွား သင်တန်းသား ဦးရေတိုးမြှင့် တက်ရောက်ခွင့်ပြုရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် သွားလာရေးအင်မတန်မှ ခက်ခဲသည့်ဒေသ ဖြစ်သည့်အတွက် ကျေးလက်ကျန်းမာရေးဌာနခွဲများတွင် ဒေသခံဆရာမများ မရှိသလောက်နည်းပါးပြီး အခြားအရပ်ဒေသများမှ လာရောက်တာဝန်ထမ်းဆောင်သည့်အခါ အချိန်ပြည့်မနေနိုင်ကြပါကြောင်း၊ ပြောင်းရွှေ့သွားသည့် နေရာတွင်လည်း အချိန်မီအစားထိုး မရောက်နိုင်သည့်အခါ ဟာကွက်များ ဖြစ်ပေါ်စေပါကြောင်း၊ အချို့ဝန်ထမ်းများဆိုလျှင် ခန့်စာရရှိပြီး ခက်ခဲသည့်အရပ်ဒေသ ဖြစ်သဖြင့် သွားရောက် တာဝန်ထမ်းဆောင်ခြင်းမရှိဘဲ တာဝန်မှနှုတ်ထွက်သွားသည့် ဝန်ထမ်းများလည်း ရှိပါကြောင်း၊ အထူးသဖြင့် ကျေးလက်ကျန်းမာရေးဌာနခွဲတွင် တာဝန်ထမ်းဆောင်မည့် သွားဖွားဆရာမများသည် ကားလမ်းမပေါက်သည့် ရွာများတွင် သွားလာရမည်ဆိုသည့်အတွက် ဒေသခံဝန်ထမ်းများသာလျှင် သွားလာနိုင်မည် ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ခြောက်လပိုင်းနှင့် ခုနစ်လပိုင်းအတွင်း နာဂဒေသအတွင်း ဖြစ်ပွားခဲ့သည့် ဝက်သက်ရောဂါ၊ ရာသီတုပ်ကွေးဖျားနာခြင်းကြောင့် လူအမြောက်အမြား သေဆုံးခဲ့သည့်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှာရှိ သားဖွားဆရာမများကို အလှည့်ကျတစ်နှစ်စီ စေလွှတ်ရန် မဲဖောက်ခဲ့ပါကြောင်း၊ မဲပေါက်သည့် ဆရာမတစ်ဦးသည်လန့်ပြီး သတိမေ့သွားသည်ဆိုသည့် သတင်း လူမှုကွန်ရက်စာမျက်နှာတွင် ပုံနှင့်တကွပျံ့နှံ့ခဲ့သည့်အတွက် ယခုလို ဝန်ထမ်းများ မသွားချင်သည့် အရပ်ဒေသတွင် မိမိတို့ နာဂဒေသပြည်သူများ၏ ဘဝကို စာနာထောက်ထားပြီး ချို့ယွင်းချက်ဖြင့် စဉ်းစားပေးရန် အထူးအခွင့်အရေးတောင်းဆိုခြင်း မဟုတ်ပါကြောင်း၊ ယခင်က ဒေသခံပညာတတ် မရှိသဖြင့် အခွင့်အလမ်းမရှိခဲ့သော်လည်း ယခုဆိုလျှင် ဒေသခံဆယ်တန်းအောင် ဘွဲ့ရလူငယ်များ များစွာရှိနေပြီး အလုပ်လက်မဲ့ဖြစ်နေကြပါကြောင်း၊ ၎င်းလူငယ်များကို မွေးထုတ်ပေးမည်ဆိုပါက ဒေသအတွင်း မပြောင်းမရွှေ့ဘဲ အနာဂတ်တွင် ပြည်သူများ၏ အခြေခံကျန်းမာရေး စောင့်ရှောက်မှု ပိုမိုဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်ခြင်းကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အတွင်း မြို့နယ် ဒေသအလိုက် သင်တန်းသားဦးရေ သတ်မှတ်ခေါ်ယူသည့်အခါ နာဂဒေသရှိ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်များမှ သင်တန်းသားများကို ဦးရေတိုးမြှင့်တက်ရောက်ခွင့်ပြုရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။