(ဂ)-ရန်မနိုင်တိုက်နယ်ဆေးရုံတွင် စံကိုက်ဆေးရုံ အဆောက်အဦအား မည်သည့်အချိန်တွင် စတင် ဆောက်လုပ်ပြီး လူနာကုသခြင်းများ ဆောင်ရွက်နိုင်မည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-17

မြောင်းမြမြို့နယ်၊ ရန်မနိုင်ကျေးလက်ကျန်းမာရေးဌာနသည် အရှေ့ဘက်တွင် ဝါးခယ်မမြို့နယ်မှ ဗိတ်သလေး ကျန်းမာရေးဌာန၊ အနောက်ဘက်တွင် ကွမ်းခြံကြီးကျေးလက်ကျန်းမာရေးဌာန(ခွဲ)၊ တောင်ဘက်တွင် ချောင်းကွဲကြီးကျေးလက်ကျန်းမာရေးဌာန၊ မြောက်ဘက်တွင် ဝါးခယ်မမြို့နယ်မှ ကျုံတိုင်ကျေးလက် ကျန်းမာရေးဌာနတို့ တည်ရှိပါကြောင်း၊ ရန်မနိုင်ဒေသ၏ လူမှုစီးပွားရေးဆိုင်ရာ အခြေခံအချက်အလက်များကိုကြည့်မည်ဆိုပါက နယ်မြေရဲစခန်းရှိပြီး လုံခြုံရေးကောင်းမွန်ပါ ကြောင်း၊ ဒေသခံများသည် ငါးဖမ်းလုပ်ငန်း၊ လယ်လုပ်ငန်း၊ ဓနိလုပ်ငန်း၊ ဘဲမွေးမြူရေးလုပ်ငန်းနှင့် ဥယျာဉ်ခြံ လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပါကြောင်း၊ အ.ထ.က တစ်ကျောင်း၊ အ.ထ.က(ခွဲ) တစ်ကျောင်း၊ အ.လ.က ၁၀ ကျောင်းနှင့် အ.မ.က ၄၂ ကျောင်းရှိပြီး ဘုန်းတော်ကြီးကျောင်း ၅၂ ကျောင်း ရှိပါကြောင်း၊ အနီးစပ်ဆုံးဆေးရုံကျေးလက်ကျန်းမာရေးဌာနနှင့် အကွာအဝေးအရ မြောင်းမြမြို့နယ်နှင့် ရေမိုင် ၂၈ မိုင်ကွာဝေးပြီး ရေလမ်းခရီးအားဖြင့် ၅ နာရီကျော် ကွာဝေး ပါကြောင်း၊ ရေးမြစ်၊ ကျိုက်မရောမြစ်နှင့် ချောင်းများအတွင်း သွားလာပြီး မိုးတွင်းကာလ ရေစီး သန်ခြင်း၊ လှိုင်းထန်ခြင်းနှင့် မြစ်ပြင်ကျယ်ခြင်းတို့ကြောင့် သွားလာရအလွန်ခက်ခဲပါကြောင်း၊ ပြင်ရွာ တိုက်နယ်ဆေးရုံနှင့်လည်း ရေမိုင် ၁၂ မိုင်ကွာဝေးပါကြောင်း၊ ရန်မနိုင်တိုက်နယ်ဆေးရုံ ဆောက်လုပ်ရန် မြေ ၄.၂၅ ဧက သတ်မှတ်ပြီးဖြစ်ပြီး‌ ကုသရေးဦးစီးဌာန၏ ၁-၁-၂၀၁၆ ရက်စွဲပါ စာအမှတ် (ကမဘ/(ဃ)၁၄၈၆/ ၃၉၆) ဖြင့်လည်း ရန်မနိုင်ကျေးရွာတွင်  ၁၆ ခုတင်ဆံ့တိုက်နယ် ဆေးရုံအသစ်ကို တိုးချဲ့ဖွင့်လှစ်ခွင့်ရရှိပြီး ဖြစ်ပါကြောင်း၊ သို့သော် ယခုနှစ်နှစ်ကျော်အထိ ဆေးရုံ အဆောက်အဦရရှိခြင်း မရှိသေးပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာနထက် ကျေးလက်ကျန်း မာရေးဌာန(ခွဲ)များသည် အဆောက်အဦမရှိသော်လည်း၊ ကျန်းမာရေးဝန်ဆောင်မှုများ ပေးနိုင် သော်လည်း တိုက်နယ်ဆေးရုံအနေဖြင့်ဆေးရုံအဆောက်အဦမရှိပါက ကျန်းမာရေးဝန်ဆောင်မှု မည်သို့မျှှပေးနိုင်မည်မဟုတ်ပါကြောင်း၊

သို့ဖြစ်ပါ၍ တိုက်နယ်ဆေးရုံအဖြစ် ဖွင့်လှစ်ခွင့်ရရှိပါက ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မည့် ဧရိယာ အကျယ်အဝန်း ၈၃ စတုရန်းမိုင်ရှိပြီး မြောင်းမြမြို့နယ်မှ ကျေးရွာအုပ်စု ၂၅ စု၊ လူဦးရေ ၄၀၀၀၀ ကျော်၊ ဝါးခယ်မမြို့နယ်မှ ကျေးရွာအုပ်စု ၁၇ စု၊ လူဦးရေ ၂၆၀၀၀ ကျော် စုစုပေါင်း လူဦးရေ ၆၆၀၀၀ ကျော် ကျေးရွာအုပ်စု ၄၂ အုပ်စုကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ၁-၁-၂၀၁၆ မှစတင်၍ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံအသစ်တိုးချဲ့ဖွင့်လှစ်ခွင့် ရရှိခဲ့သော မြောင်းမြမြို့နယ်၊ ရန်မနိုင်ကျေးရွာရှိ ရန်မနိုင်တိုက်နယ်ဆေးရုံတွင် စံကိုက်ဆေးရုံ အဆောက်အဦကို မည်သည့်အချိန်တွင် စတင်ဆောက်လုပ်မည်နှင့် မည်သည့်နှစ်အတွင်းအပြီး တည်ဆောက်ကာ လူနာကုသခြင်းများကို စတင်နိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။