(ဂ)-တောင်သူဦးကြီးများစပါး၊ ပဲမျိုးစုံနှင့်နှမ်းစသည့် သီးနှံများကိုအရည်အသွေးပြည့်ဝပြီး အထွက်နှုန်း ကောင်းမွန်သော မျိုးကောင်းမျိုးသန့်များ အလွယ်တကူဝယ်ယူ စိုက်ပျိုးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားမှု ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
စိုက်ပျိုးရေးနိုင်ငံဖြစ်သည်နှင့်အညီ စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသော တောင်သူဦးကြီးများ၏ ဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် စိုက်ပျိုးရေးကဏ္ဍ၏ အဓိကအရင်းအမြစ် တစ်ခုဖြစ်သည့် မျိုးကောင်းမျိုးသန့်များ အလွယ်တကူဝယ်ယူ ရရှိရေးသည်လည်း အရေးကြီးကဏ္ဍ တစ်ခုဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေထိ တောင်သူလယ်သမားများသည် မျိုးကောင်းမျိုးသန့်များကို ကိုယ်တိုင်ရယူစိုက်ပျိုးနိုင်ခြင်း မရှိသည့်အပြင် မျိုးကောင်းမျိုးသန့်များ အလွယ်တကူ ဝယ်ယူရရှိရန်အတွက်လည်း အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် ကြုံတွေ့လျက်ရှိပါ ကြောင်း၊ လက်ရှိမြေပြင်အခြေအနေတွင် တောင်သူများအနေဖြင့် စိုက်ပျိုးသည့် ရာသီရောက်ပြီဆိုလျှင် နီးစပ်ရာတောင်သူအချင်းချင်ဆီက မျိုးများကိုဝယ်ယူ၍သော်လည်းကောင်း၊ မြို့ပေါ်မှာရှိသည့် ပွဲရုံများကတစ်ဆင့် မျိုးများကိုဝယ်ယူ၍လည်းကောင်း၊ မိရိုးဖလာမျိုးများကို ဝယ်ယူပြီး စိုက်ပျိုးနေခဲ့ရပါကြောင်း၊ ထို့ကြောင့် သီးနှံများက အရည်အသွေး မပြည့်ဝသည့် သီးနှံများထွက်သည့်အတွက် ဈေးနှုန်းမကောင်းဘဲ စိုက်ပျိုးသည့် ကုန်ကျစရိတ် အမြတ်ရဖို့နေနေသာသာ အရင်းရဖို့ကို တောင်သူများတွင် မနည်းကြိုးစားနေရသည့် အခြေအနေ ဖြစ်ပါကြောင်း၊ ပိုးမွှားရောဂါဒဏ်ခံနိုင်ပြီး အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်များ အလွယ်တကူ ရရှိရန်အတွက် ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိနေပါကြောင်း၊ မျိုးကောင်းမျိုးသန့် ဆိုသည့် နေရာတွင် မျိုးသန့်ခြင်း၊ အစေ့အောင်မြင်ပြည့်ဖြိုးညီညာခြင်း၊ အပင်ပေါက်မှု ၈၀ ရာခိုင်နှုန်းအထက်ရှိခြင်း၊ အပင်ပေါက်စွမ်းအားသန်ခြင်း၊ ပေါင်းမျက်စေ့ကင်းခြင်းနှင့် ပိုးထိုးလောက်ကိုက်ကင်းခြင်း၊ မျိုးသန့်ကြောင်းအာမခံ ချက်ပေးနိုင်ခြင်းစသည့် အချက်များနှင့် ကိုက်ညီရမည်ဟု လေ့လာသိရှိရပါကြောင်း၊
မျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးရေးခြံများက လုံလောက်အောင် စိုက်ပျိုးထုတ်လုပ်မှု၊ ဖြန့်ဖြူးနိုင်မှု မရှိဘူးဆိုလျှင် တောင်သူများကိုယ်တိုင် မျိုးကောင်းမျိုးသန့်များ ဘယ်လိုရောက်အောင် စိုက်ပျိုးနိုင်သည်ကို စိုက်ပျိုးရေးပညာရှင်များ၊ စိုက်ပျိုးရေးဝန်ထမ်းများကနေပြီး ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးပညာပေးမည် ဆိုပါက သင့်တော်လိမ့်မည်ဟု ထင်မြင်ယူဆမိပါကြောင်း၊ မျိုးစေ့နဲ့စပ်လျဉ်းပြီး မျိုးစေ့ဥပဒေကို ၂၀၁၁ ခုနှစ်တွင် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ၎င်းဥပဒေကို ထပ်မံပြင်ဆင်ခဲ့သော်လည်း တောင်သူများ၏ လက်တွေ့ဘဝတွင် မျိုးကောင်းမျိုးသန့်များ အလွယ်တကူ ဝယ်ယူစိုက်ပျိုးနိုင်ရန်အတွက် အခက်အခဲများ ကြုံတွေ့နေရဆဲ ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြသည့် တောင်သူဦးကြီးများ၏ လိုအပ်ချက်များစွာထဲမှ စပါး၊ ပဲမျိုးစုံ၊ နှမ်းစသည့်သီးနှံများကို အရည်အသွေးပြည့်ဝပြီး အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်များ အလွယ်တကူဝယ်ယူ စိုက်ပျိုးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားမှု ရှိ/မရှိနှင့် ရှိပါက မည်သို့စီစဉ်ဆောင်ရွက် ပေးထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။