(င)-မွေးမြူရေး လုပ်ငန်းရှင်များ၊ တောင်သူဦးကြီးများအား အသိပညာပေးရန်နှင့် မွေးမြူထားသော ကျွဲ၊ နွား၊ အိမ်မွေးတိရစ္ဆာန်များအား ထိရောက်စွာ ကုသပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ ကျေးလက်နေ ၇၀ ရာခိုင်နှုန်းသော တောင်သူဦးကြီးများက စိုက်ပျိုးရေးကိုအဓိကထား အသက်မွေးဝမ်းကျောင်း ပြုနေရပါကြောင်း၊ လက်ရှိလက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းဆဲကာလ ဖြစ်သော်လည်း အများစုမှာ လက်မှုလယ်ယာအဆင့်သာ ရှိပါသေးကြောင်း၊ တောင်သူဦးကြီးများအတွက် စိုက်ပျိုးထွန်ယက်ရာတွင် ကျွဲ/နွားများကို မရှိမဖြစ် အားကိုးအားထားပြုပြီး စိုက်ပျိုးထွန်ယက် နေရပါကြောင်း၊ လုပ်ငန်းခွင်တွင် အသုံးပြုနေသည့် ခိုင်းကျွဲ၊ ခိုင်းနွားများ ချေးဝမ်းရောင်၊ ခွာနာလျှာနာလိုက်လျှင် နေမကောင်းဖြစ်လျှင် ကျေးဇူးရှင်တောင်သူဦးကြီးများသည် မိမိတို့ဘာသာ မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် ကုသနေကြရပါကြောင်း၊ ထို့ကြောင့် နွားတစ်ကောင် ဆုံးရှုံးသွားမည် ဆိုပါက အနည်းဆုံး ငါးသိန်းမှ ၁၅ သိန်း ဝန်းကျင်အထိရှိပါကြောင်း၊ နည်းပညာများပံ့ပိုးခြင်း၊ ကုသမှုများ ထိထိရောက်ရောက် ဆောင်ရွက်ပေးမည်ဆိုလျှင် ပိုမိုအောင်မြင်လာနိုင်မည် ဖြစ်ပါကြောင်း၊ မကွေးတိုင်းအတွင်း ပခုက္ကူမြို့နယ်၊ ရေစကြိုမြို့နယ်များတွင် သိုးနှင့်ဆိတ်ကို ကျယ်ကျယ်ပြန့်ပြန့် မွေးမြူနေပြီဖြစ်ပါကြောင်း၊ နည်းပညာများပံ့ပိုးခြင်းများကို ထိရောက်သည့် ကုသမှုများ ဆောင်ရွက်ပေးမည်ဆိုပါက တိုင်းပြည်တွက်၊ လုပ်ငန်းရှင်များအတွက်ပါ အကျိုးရှိမည် ဖြစ်ပါကြောင်း၊ သို့သော်လည်း ယနေ့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများသည်နယ်များ၊ ရွာများဆင်းပြီး ကုသခြင်း၊ အသိပညာပေးခြင်းမှာ လွန်စွားအားနည်းနေသည်ကို တွေ့ရှိရပါကြောင်း၊ မွေးမြူရေးခြံတစ်ခြံတွင် ကူးစက်ရောဂါများ ကျရောက်လျှင် သိန်းဆယ်နှင့်ရာနှင့်ချီ ဆုံးရှုံးနေသည်ကို လည်း တွေ့ရှိရပါကြောင်း၊ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေအခန်း (၃) ပုဒ်မ ၅ ပုဒ်မခွဲငယ် (င) တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးနည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီနည်းပညာနှင့် သွင်းအားစုတို့ကို ပံ့ပိုးကူညီခြင်း၊ သုတေသနလုပ်ငန်းများ ထူထောင်ခြင်းနှင့် အားပေးခြင်းဟု ပါရှိပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံ့အတွက်လည်း ကုန်ရကျိုးနပ်အောင် တောင်သူလယ်သမားများနှင့် မွေးမြူရေးလုပ်ငန်း ရှင်များလည်း အကျိုးရှိအောင် အမြို့မြို့အနယ်နယ်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများက ဦးဆောင်၍ မွေးမြူရေးလုပ်ငန်းရှင်များ၊ တောင်သူဦးကြီးများအား အသိပညာပေးခြင်းနှင့် မွေးမြူထားသော ကျွဲ/နွား၊ အိမ်မွေးတိရစ္ဆာန်များအား ထိရောက်စွာ ကုသပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။