(စ)-မြန်မာနိုင်ငံ၏ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများကို မူဝါဒများချမှတ်ခြင်း၊ ဥပဒေနည်းဥပဒေများကို ပြင်ဆင်ခြင်း၊ စည်းမျဉ်းစည်းကမ်းများ ဖြေလျှော့ပေးခြင်း အပါအဝင် လိုအပ်သောအရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17

မိမိတို့နိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် ဒုတိယအကြီးဆုံးဖြစ်ပါကြောင်း၊ ကမ်းရိုးတန်းက ၂၈၃၂ ကီလိုမီတာ ရှိပါကြောင်း၊ မြစ်ကြီးလေးသွယ်၊ ချောင်းမြောင်း၊ မြစ်လက်တက်များစွာ ရှိပါကြောင်း၊ ယခင်က ရေငန်ငါးများ၊ ရေချိုငါးများ အလျှံပယ်ပေါများခဲ့ပါကြောင်း၊ နောက်ပိုင်းတွင် ကမ္ဘာ့ရာသီဥတုက ပြောင်းလဲပြီး ငါးဖမ်းသည့်နည်းစနစ်များကလည်း တိုးတက်လာပါကြောင်း၊ ငါးများလည်း အလွန်အကျွံဖမ်းလာသည့်အခါ ငါးဖမ်းသည့်လုပ်ငန်းမှ ရေသယံဇာတရရှိမှုက နည်းပါးလာသည့်အတွက် ငါးမွေးမြူရေးလုပ်ငန်းကိုသာ ဦးစားပေးလုပ်လာကြပါကြောင်း၊ မြန်မာနိုင်ငံတွင် လတ်တလော ငါးမွေးမြူထားသောဧကပေါင်း ၄၈၀၀၀၀ ရှိပါကြောင်း၊ မိမိတို့ တွံတေးမြို့က ဧက ၃၇၀၀၀ ကျော်ခန့် ရှိပါကြောင်း၊ မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် မိမိတို့ မြို့နယ်သည် အများဆုံးဖြစ်သည့်အတွက် မိမိတို့မြို့နယ်ကသာမက တစ်ပြည်လုံးက ငါး လုပ်ငန်းရှင်များ၊ ၎င်းတို့ကို မှီတည်ပြီးရပ်တည်နေကြသော ပြည်သူအားလုံး ၃.၅ သန်းခန့် ရှိပါကြောင်း၊ မြန်မာနိုင်ငံ နိုင်ငံခြားဝင်ငွေတိုးတက်ရရှိရန် အဆိုပါရည်ရွယ်ချက်များဖြင့် မေးမြန်း ရခြင်း ဖြစ်ပါကြောင်း၊ ယခင်က မြန်မာနိုင်ငံတွင် ရေကြီး ရေနက်ကွင်းများ ရှိပါကြောင်း၊ စပါးများလည်း စိုက်မရပါကြောင်း၊ တောင်သူများက ငါးများပြောင်းပြီးမွေးသော်လည်း နိုင်ငံတော် အစိုးရအဆက်ဆက်က လယ်ယာစိုက်ပျိုးရေးကိုသာ အဓိကထားခဲ့သည့်အတွက် ငါးလုပ်ငန်းရှင် များအပေါ် အမြင်က မကောင်းခဲ့သည့်အတွက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ လက်ထက် ၁၉၈၅-၈၆ ခုနှစ်ခန့်  ခရမ်း၊ တိုက်ကြီး၊ တွံတေးက ငါးမွေးမြူရေးလုပ်ငန်းရှင် ၂၅၀ ခန့်ကို ထောင်ဒဏ်ချမှတ်ခဲ့ပါကြောင်း၊ ၁၉၈၉ ခုနှစ်တွင် တပ်မတော်အစိုးရက မူဝါဒပြောင်းပြီး ငါးလုပ်ငန်း နှင့်ပတ်သက်ပြီး ဖြေလျှော့မှုများလုပ်ဆောင်ပေးခဲ့သည့်အတွက် ငါးမွေးမြူရေးလုပ်ငန်းများ တိုး တက်လာပါကြောင်း၊ ယခုအချိန်တွင် ဧက ၄၈၀၀၀၀ ခန့် ရှိပါကြောင်း၊ လတ်တလောတွင် ဧက ၁၁၀၀၀၀ ခန့်သာ လ.န.ရ(၃၉)ဟုခေါ်သော လယ်ယာမြေအခြားနည်းဖြင့်သုံးစွဲခွင့်ရှိပါကြောင်း၊ ထို့ကြောင့် ကျန်ရှိသည့်ငါးလုပ်ငန်းရှင်များက လ.န.ရ(၃၉)မရှိသည့်အခါ ဘဏ်များထံမှ ငွေချေးယူ မရဘဲ ၎င်းတို့မှာ ရာဇဝတ်ကောင်များကဲ့သို့ ဆက်ဆံခံနေရပါကြောင်း၊ အကျိုးဆက်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတို့က ငွေလိုအပ်သည့်အခါတိုင်း လာနှိုက်သည့်လုပ်ငန်း၊ နှိုက်တိုင်းလည်း ရသည့်လုပ်ငန်းကဲ့သို့ ဖြစ်နေပါကြောင်း၊ ငါးလုပ်ငန်းရှင် များအနေဖြင့် ၎င်းတို့နှင့်ထိတွေ့သည့်အခါ ၎င်းတို့ပေးသည့်ဥပမာများက ကဏန်းညှပ်ခံရပြီး အော်လည်းမအော်ရဲဘဲ ကြိတ်ခံနေရသည့် အနေအထားမျိုး ဖြစ်နေပါကြောင်း၊ နိုင်ငံတော်ကလည်း အခွန်ငွေ ထိုက်ထိုက်တန်တန်မရရှိပါကြောင်း၊ ငါးလုပ်ငန်းရှင်များကလည်း အကြွေးများထူပြီး၊ သိန်းထောင်ချီ လည်ပတ်နေသော်လည်း ၎င်းတို့၏အကြွေးများကလည်း သိန်းထောင်ချီရှိနေ ပါကြောင်း၊ နိုင်ငံတော်လည်း အလုပ်မဖြစ်၊ ငါးမွေးမြူရေးလုပ်ငန်းရှင်လည်း အလုပ်မဖြစ်ဘဲ ကြားထဲက အကျင့်ပျက်ခြစားသောဝန်ထမ်းများက တိုက်ဆောက်၊ ကားစီးနေသည့် အနေအထား ရှိပါကြောင်း၊ မိမိတို့နိုင်ငံတွင် ငါးမွေးမြူရေးလုပ်ငန်းကို ၁၉၅၃ ခုနှစ်စတင်လုပ်ကိုင်ပြီး ၁၉၇၀ ခုနှစ်တွင် စီးပွားဖြစ်လုပ်ကိုင်ပါကြောင်း၊ ဗီယက်နမ်က ၁၉၇၅ ခုနှစ်တွင် စစ်ပွဲပြီးပါကြောင်း၊ ပြီးခဲ့သည့် ၂၀၁၆-၁၇ ခုနှစ်တွင် ငါးမွေးမြူရေးလုပ်ငန်းမှ ရရှိသည့်ဝင်ငွေသည် မြန်မာနိုင်ငံက ဒေါ်လာ ၆၀၅ သန်းသာ ရှိပါကြောင်း၊ ဗီယက်နမ်က ဒေါ်လာသန်း ၇၁၀၀ ရရှိပါကြောင်း၊ ထိုင်းက သန်း ၇၅၀၀ ရရှိပါကြောင်း၊ ၂၀၂၀ ခုနှစ်တွင် သန်း ၁၁၀၀၀ ရရှိမည်ဟု ခန့်မှန်းထားပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ မြေအသုံးချရေးမူဝါဒနှင့်ပတ်သက်ပြီး ပြောင်းလဲရန်အတွက် နိုင်ငံတော်အစိုးရတွင် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။