(ခ)-အမှတ်(၁၇)စက်မှုကုန်ကြမ်းဌာနမှရာဘာခြံ တို့ကိုမြန်မာနိုင်ငံသားပိုင်ဆိုင်မှုအမည်ခံထားသော မလေးရှားနိုင်ငံ ကိုယ်စားပြုထားသည့်ကုမ္ပဏီကြီး များနှင့်အကျိုးတူပူးပေါင်းလုပ်ဆောင်ရန်အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
စက်မှုဝန်ကြီးဌာန အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း၏ အမှတ်(၂၇) စက်မှုကုန်ကြမ်း ဌာန ကြီးကြပ်မှု လက်အောက်ရှိ မွန်၊ ကရင်၊ ရခိုင်ပြည်နယ်များနှင့် တနင်္သာရီ၊ ပဲခူး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရာဘာခြံ ၂၇ ခြံရှိ ရာဘာခြံဧကပေါင်း ၃၃၀၀၀ ကျော်တို့အား အကျိုးတူပူးပေါင်းလုပ်ကိုင်နိုင်ရေးအတွက် တင်ဒါခေါ်ယူခဲ့ရာ ပူးပေါင်းလုပ်ကိုင်လိုသူဒေသခံ ရာဘာကုန်ထုတ်တစ်ပိုင်တစ်နိုင် လုပ်ငန်း ရှင်များနှင့် ဒေသခံကုမ္ပဏီငယ်လေးများတို့က စိတ်ပါဝင်စားဖြင့် လုပ်ကိုင်ခွင့်ရရှိရန် တင်ဒါတင်သွင်းခဲ့ကြပါကြောင်း၊ သို့သော်လည်း အထက်ဖော်ပြပါ ရာဘာခြံ ၁၇ ခြံတို့ အနက် ဧရိယာအကျယ်အဝန်းဆုံးဖြစ်ကြသော ခြံကြီး ၁၅ ခြံ (ခြံဧရိယာ၏ ၉၀ ရာခိုင်နှုန်းခန့်) တို့ကို ဗီဒါးနားနှင့် (MCM) ကုမ္ပဏီတို့မှ လုပ်ပိုင်ခွင့် ရရှိကြပြီး ကျန်ရှိ သည့် ၁၀ ရာခိုင်နှုန်းခန့်ကိုသာ ဒေသခံတစ်ပိုင်တစ်နိုင် လုပ်ငန်းရှင်များနှင့် ဒေသခံ ကုမ္ပဏီငယ်များရရှိခဲ့ကြပါကြောင်း။
အထူးတင်ပြလိုသည်မှာ မြန်မာနိုင်ငံသား အမည်ခံထားသော နိုင်ငံခြားသား ပိုင်ဆိုင်သည့် ကုမ္ပဏီများ ဝင်ရာဘာ ယှဉ်ပြိုင် တင်ဒါတင်သွင်းခဲ့ကြောင်းကိုလည်း သိရှိရပါသဖြင့် ၎င်းကိစ္စရပ်များ မှန်သည် မှားသည် တို့ကိုလည်း သက်ဆိုင်ရာမှ သက်ဆိုင်ရာဌာနအနေဖြင့် စိစစ်သုံးသပ်ရန် လိုအပ်မည်ဟု ယူဆပါကြောင်း၊ စက်မှုဝန်ကြီးဌာနမှ ဦးဆောင်သည့် တင်ဒါတင်သွင်းပွဲတွင် ကုမ္ပဏီပိုင်ရှင်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များတို့၏ ရှေ့မှောက်တွင် တင်သွင်းထားသော တင်ဒါစာရင်းများကို ပွင့်လင်းမြင်သာစွာဖြင့် ဖွင့်ဖောက်စစ်ဆေးခဲ့ကြောင်း ကိုလည်း သိရှိရပါကြောင်း။
သို့သော်လည်း စက်မှုဝန်ကြီးဌာန၏ ရာဘာကုန်ထုတ် အကျိုးတူပူးပေါင်းဆောင်ရွက်ရေးအတွက် သတ်မှတ် ထားသောလုပ်ငန်း အမျိုးအစားများကို (က) ဆေးပြုလုပ်ငန်း (ခ) ထိန်းသိမ်းလုပ်ငန်း (ဂ) ပြန်စိုက်လုပ်ငန်း ဟူ၍ ၃ သတ်မှတ်ထားပြီး လုပ်ငန်းအားလုံးကို ကုမ္ပဏီနှစ်ခုမှ ကုမ္ပဏီ၏ အကျိုးအမြတ်ကို အဓိကမထားဘဲ စက်မှုဝန်ကြီးဌာ နရပိုင်ခွင့်ကိုသာ အံံ့သြလောက်အောင် ဦးစားပေး တင်ဒါတင်သွင်းခဲ့ကြောင်း တွေ့ရှိရရာ ယင်းအချက်များ ကိုပြန်လည်သုံးသပ်ရပါက ပထမလုပ်ငန်းတွင် ကြမ်းခင်း ၅၀ အချိုး ၅၀ အပေါ်မှာ ၈၀ အချိုး၂၀ ပေးထားခြင်း ဒုတိယလုပ်ငန်းတွင် ကြမ်းခင်း ၄၀၊ ၆၀ အစား ၇၀၊ ၃၀ နှင့် တတိယလုပ်ငန်းတွင်ကြမ်းခင်း ၃၀၊ ၇၀ အစား ၆၀၊ ၄၀ ပေးထားသည်မှာ သံသယဖြစ်ဖွယ် ကောင်းပြီး ပါးနပ်စွာ တင်ပြထားသည်ကို တွေ့ရှိရပါကြောင်း။
ဤကဲ့သို့ ဖြစ်ရသည့် အကြောင်းရင်းကို သိရှိလိုပါသဖြင့် စက်မှုဝန်ကြီးဌာန တင်ဒါဖွင့်ဖောက်သော တာဝန်ရှိသူ အားမေးမြန်းခဲ့ရာ တင်ဒါတင်သွင်းသူ ကုမ္ပဏီတာဝန်ခံမှ ၎င်းတို့သည် မန္တလေးမြို့နှင့် ရန်ကုန်မြို့တို့တွင် ကုမ္ပဏီများ ဖွင့်လှစ်ထားပြီး ယခုတင်ဒါတင်သွင်းထားသော ရာဘာလုပ်ငန်းကို လုပ်ကိုင်ရန်အတွက် မလေးရှားကုမ္ပဏီနှင့် ပူးပေါင်း၍ ဆောင်ရွက်ကြမည်ဖြစ်ပါကြောင်း၊ မလေးရှားကုမ္ပဏီမှ နည်းပညာများဖြင့် လုပ်ကိုင်ပြီး ထုတ်လုပ်မှု နည်းစနစ်ကွာခြားခြင်းနှင့် လုပ်စားစရိတ်သက်သာမှုတို့ကြောင့် စက်မှုဝန်ကြီးဌာနမှ မူလသတ်မှတ်ထားသာ အကြမ်းခင်းနှုန်းဖြစ်သည့် ၅၀ အချိုး ၅၀၊ ၄၀ အချိုး ၆၀၊ ၃၀ အချိုး ၇၀ အစား ၈၀ အချိုး ၂၀၊ ၇၀ အချိုး ၃၀၊ ၆၀ အချိုး ၄၀ အချိုးအတိုင်း ပေးဆောင်ရန် သက်ဆိုင်ရာအကြီးအကဲမှ ညွှန်ကြားထားကြောင်း သိရှိရပါကြောင်း။
မိမိအနေဖြင့် တင်ပြလိုသည်မှာ ကုမ္ပဏီတာဝန်ခံ၏ တင်ပြချက်များကို သုံးသပ်မည်ဆိုပါက အဆိုပါ ရာဘာ အကျိုးတူးပူးပေါင်းလုပ်ကိုင်ရေး လုပ်ငန်းတွင် ကုမ္ပဏီဘက်မှ တင်ပြထားသော တင်ဒါဈေးနှုန်းများမှာ ၎င်းတို့ရပိုင်ခွင့်ရရှိရေးကို လျော့ပေါ့စဉ်းစားပြီးအနစ်နာခံထား၍ စက်မှုဝန်ကြီးဌာနတွင် အကျိုးခံစားခွင့် ပိုမိုရရှိအောင် ကြမ်းခင်းဈေးနှုန်းကို ပြုပြင်ပြီးသတ်မှတ်ခံစားခွင့် ပေးထားခြင်းသည် မှန်ကန်သော စေတနာ၊ ရိုးသားသည့် သဘော ဖြစ်သည်/ မဖြစ်သည်ကို လေးနက်စွာ စဉ်းစားဆုံးဖြတ်ရမည် ဖြစ်ပါကြောင်း၊ ကုမ္ပဏီပိုင်ရှင်များ တို့သည် နှစ်ပေါင်း ၃၀ လုပ်ကိုင်ခဲ့ရသော ရာဘာကုန်ထုတ် လုပ်ငန်းကို လုပ်ကိုင်ခွင့်ရရှိရေး အတွက် incentiveသဘောဖြင့် မက်လုံးပေးထားခြင်းမျှသာ ဖြစ်သည် ဟုခန့်မှန်းနိုင်ပါကြောင်း။
မြန်မာနိုင်ငံသားအမည်ခံ ပြည်ပနိုင်ငံခြားသားပိုင်သော ကုမ္ပဏီများအနေဖြင့် တိုင်းနှင့် ပြည်နယ်အသီးသီး ရှိ ရာဘာကုန်ထုတ်လုပ်ငန်းကို လုပ်ပိုင်ခွင့်ရရှိပါက ၎င်းတို့လုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရာတွင် လို အပ်မည့် ဝန်ထမ်း၊ အလုပ်သမားများကို ပြည်ပမလေးရှားနိုင်ငံ သို့မဟုတ် ၎င်းနိုင်ငံနှင့် လူမျိုးဘာသာ၊ ယဉ်ကျေးမှုဆက်သွယ်သော နိုင်ငံများမှ လူမျိုးကွဲ၊ ဘာသာကွဲ၊ ယဉ်ကျေးမှုကွဲပြားသော လုပ်သားတို့ကို အလုပ် လုပ်ရန် ခေါ်ယူကြမည်ဖြစ်ပြီး မိမိတို့နိုင်ငံအတွင်းသို့ အဆိုပါလုပ်သားများ အစုလိုက်၊ အပြုံလိုက် ဝင်ရောက်လာပြီး အနည်းဆုံး နှစ်ပေါင်း ၃၀ ခန့် တရားဝင်ခြေကုတ် နေထိုင်ကြမည်ဖြစ်ပါကြောင်း၊ ထိုကာလများအတွင်း လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု မတူညီမှုကြောင့် ပေါ်ပေါက်လာမည့်ပြဿနာများ၊ ၎င်း ပြဿနာကို အခြေခံ၍ နိုင်ငံရေးရာ များတွင် ထိပါးမှု၊ ရှုပ်ထွေးမှု၊ အန္တရာယ်ပြုလာမည့် အရေးကိစ္စ၊ ၎င်းအရေးကိစ္စကြောင့် နယ်မြေပိုင်နက်စိုးမိုးမှုတို့ကိုပါ ပတ်သက် ဆက်နွယ်လာနိုင်မည့်အရေးဟူသမျှတို့အတွက် ပေးဆပ်ရမည့် တန်ဖိုးများတို့သည် တန်ဖိုးကြီး မားသော ပေးဆပ်မှုများဖြစ်ပါကြောင်း တင်ပြလိုပါသည်။
၎င်းအရေးကို ကြိုတင်ကာကွယ်ထားရန် အထူးလိုအပ်မည်ဖြစ်ပါကြောင်း၊ ဤသို့ တင်ပြနေခြင်းမှာ လူမျိုးဘာသာ၊ ယဉ်ကျေးမှုအစွဲများကြောင့် မဟုတ်ပါကြောင်း၊ လူပေါင်းစုံတို့နှင့် ချစ်ကြည်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံရန် လိုအပ်သော်လည်း ရေရှည်ကာလတွင် လူမျိုးရေး၊ ဘာသာရေး အခက်အခဲ အရှုပ်အရှင်းမဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်ထားရန် လိုအပ်မည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံတွင်လည်း နိုင်ငံတကာမှ စိတ်ပျိုးရေးပညာများကို လေ့လာတတ်မြောက်ပြီး ရာဘာလုပ်ငန်းကို လုပ်ကိုင် နေသူများလည်းရှိကြပါကြောင်း၊ အဆိုပါ ရာဘာခြံများကို ပြည်ပ ကုမ္ပဏီအား လုပ်ကိုင်ခွင့်ပြုခြင်းထက် ဒေသခံတစ်ပိုင်တစ်နိုင် လုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့် ပြုသင့်ပါကြောင်း၊ အဆိုပါ ကုမ္ပဏီအား လုပ်ငန်းလုပ်ပိုင်ခွင့် ပြုမည်ဆိုပါက ၎င်းနှင့် ဆက်စပ်ပြီး လူမျိုးရေး၊ လုံခြုံရေး၊ နိုင်ငံရေးရာ များတွင်လည်း ပြဿနာကြီးငယ်များ အကျိုးဆက်များ အလွဲမသေတွေ့ကြုံခံစားရမည် ဟုယူဆပါကြောင်း၊ မိမိတို့ဒေသခံများအား သင့်တင့်လျောက်ပတ်သည့် နည်းနှင့် လုပ်ကိုင်ခွင့်ပြုမည် ဆိုပါက ပြည်တွင်း အကျိုးအမြတ် ပြည်တွင်းမှာ သာခံစားရမည်ဖြစ်ပြီး ဒေသတွင်ပုဂ္ဂိုလ်များ ရပ်သူရွာသားများ အကျိုးခံစားရမည် ဖြစ်ကြောင်း။
ထို့ပြင် ဒေသခံရာဘာလုပ်ငန်းရှင်များအား အဆိုပါရာဘာကုန်ထုတ်လုပ်ငန်းကို တစ်ပိုင်တစ်နိုင် လုပ်ကိုင်ခွင့်ပေးအပ်မည် ဆိုပါက ဒေသခံများတို့သည် ပြည်ပသို့ရောက်ရှိနေသော မိမိတို့၏ ဆွေမျိုးသားခြင်းတို့ကို မိခင်ကျေးလက်ဒေသသို့ အပြီးအပိုင်ခေါ်ယူကြမည်ဖြစ်ပြီး မိခင်ဒေသတွင် အခြေချလုပ်ကိုင်ကြမည်ဖြစ်ပါသဖြင့် လူ့အရင်းအမြစ်ဆုံးရှုံးသော အန္တာရာယ်မှ အထိုက်အလျောက် လွတ်ကင်းသွားနိုင်မည် ဖြစ်ပါကြောင်းနှင့် လုပ်ငန်းကျွမ်းကျင်မှု ပြည့်ဝနေသော ဒေသခံလုပ်သား ကောင်းများမှာလည်း ပြန်လည်ရောက်ရှိလာ မည်ဖြစ်သည့် အလျောက် နိုင်ငံတော်အတွက် တန်ဖိုးကြီး သော ခွန်အားများလည်း ရရှိလာမည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ အထက်တင်ပြပါ အကြောင်းအရာ များနှင့် စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန အမှတ်(၂)အကြီးစား စက်မှုလုပ်ငန်း၏ အမှတ် (၂၇) ကုန်ကြမ်းဌာနကြီးကြပ်မှု အောက်ရှိ ရာဘာခြံများကို မြန်မာနိုင်ငံသား အမည်ခံ ထားသော နိုင်ငံခြားသား ပိုင်ဆိုင်သည့်ကုမ္ပဏီတို့အား လုပ်ငန်းဆောင်ရွက်ခွင့်ပြုမည့်အစား လယ်မြေ အသီးသီးရှိ ဒေသခံတစ်ပိုင်တစ်နိုင် ရာဘာစိုက်ပျိုးကုန်ထုတ်လုပ်ငန်းရှင်များတို့အား သင့်တော်မည့် အချိုးအတိုင်း မျှတစွာခွဲဝေ၍ ဦးစားပေးလုပ်ကိုင်ခွင့် ပြုနိုင်ရန်အတွက် အောက်ပါမေးခွန်းများကို မေးမြန်းလို ပါကြောင်း။
(၁) အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၏ အမှတ်(၂၇) စက်မှုကုန်ကြမ်းကြီးကြပ်မှုအောက်ရှိ ရာဘာခြံများ ကို မြန်မာနိုင်ငံသားပိုင်ဆိုင်မှု အမည်ခံထားသော မလေးရှားနိုင်ငံကိုယ်စားပြုထားသည့် ကုမ္ပဏီကြီးများနှင့် အကျိုးတူပူးပေါင်းလုပ်ဆောင်ရန်ခွင့်ပြုမည်ဆိုပါက တင်ဒါစည်းကမ်းနှင့်လည်း ကိုက်ညီမှု မရှိဟု ယူဆနိုင်ပါသဖြင့် ၎င်းတို့အားခွင့်ပြုမည့်အစား နယ်မြေအသီးသီးရှိတစ်ပိုင်တစ်နိုင် ရာဘာလုပ်ငန်း ရာဘာစိုက်ပျိုးကုန် ထုတ် ဒေသခံလုပ်ငန်းရှင်များတို့အား လုပ်ငန်းပိုင်ခွင့်များတို့ကို သင့်တင့်မျှတစွာခွဲဝေပေးပြီး နှစ်ဦးနှစ်ဖက် သဘောတူသော အချိုးအတိုင်း အကျိုးတူဆောင်ရွက်ခွင့် ပြုနိုင်မည့် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း။
(၂) မြန်မာနိုင်ငံသားပိုင်ဆိုင်ဟု အမည်ခံထားသော မလေးရှားနိုင်ငံကိုယ်စားပြု ကုမ္ပဏီကြီးများ အားဖော်ပြပါ စက်မှုလုပ်ငန်း ကုန်ကြမ်း ရာဘာထုတ်လုပ်ရေးလုပ်ငန်းကို နှစ်ရှည်စီမံကိန်းဖြင့် လုပ်ကိုင်ခွင့်ပြုပါက ရေရှည်တွင် တင်ပြပါ လူမျိုးကွဲ၊ ဘာသာကွဲ၊ ယဉ်ကျေးမှုကွဲပြားသော ပြည်ပလုပ်သားများတို့၏ စိုးမိုးထိပါးမှုအန္တာရာယ် အသီးသီးတို့ ပေါ်ပေါက်လာပါက ၎င်းအန္တရာယ်မှ ကင်းလွတ်အောင် မည်ကဲ့သို့ ကြိုတင်ကာကွယ် ပေးနိုင်ပါမည်နည်း။
(၃) စက်မှုဝန်ကြီးဌာန လက်အောက်ရှိ စက်မှုကုန်ကြမ်း ရာဘာကုန်ထုတ်လုပ်ရေး လုပ်ငန်းကို မြန်မာနိုင်ငံသား ပိုင်ဆိုင်မှု အမည်ခံထားသော မလေးရှားနိုင်ငံ ကိုယ်စားပြုထားသည့် ကုမ္ပဏီအား နှစ်ဖက်သဘောတူ အချိုးဖြင့်အကျိုးတူ ပူးပေါင်း လုပ်ကိုင်ခြင်းအစား မြန်မာနိုင်ငံနယ်မြေအသီးသီးရှိ ဒေသခံတစ်ပိုင်တစ်နိုင် ရာဘာစိုက်ပျိုး ကုန်ထုတ်လုပ်ငန်းရှင်များအား နှစ်ဖက်သဘောတူထားသော အချိုးဖြင့်အကျိုးတူ ပူးပေါင်းလုပ်ကိုင်ခွင့် ပြုမည်ဆိုပါက မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံဒေသခံ တိုင်းရင်းသား လူမျိုးများအတွက် ပိုမိုအကျိုးသက်ရောက်မှု ရှိမည်ဟု စက်မှုဝန်ကြီးဌာနအနေနှင့် ယူဆပါသလား။ ယူဆမည်ဆိုပါက ယူဆချက်အတိုင်း လုပ်ငန်း အကောင်အထည်ဖော်ပါမည်လား။ မယူဆပါက အဘယ်အကြောင်းကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။