(ဂ)-စက်မှုဝန်ကြီးဌာန လက်အောက်ရှိ လျှပ်စစ် စစ်ဆေးရေးဌာန(EI)နှင့်ပတ်သက်၍သိလိုသည်နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17

ဦးအေးမောက် (မလှိုင်)၁၉၀၈ ခုနှစ်တွင် မြန်မာနိုင်ငံရှိ မိုးကုတ်၊ မိုင်းရာ၊ ရူဘီ၊ မိုင်းရာ တို့တွင် လျှပ်စစ်ကို စတင်အသုံးပြုခဲ့ပြီး ၁၉၁၀ ခုနှစ်တွင် လျှပ်စစ်ဥပဒေကိုပြဋ္ဌာန်း ကျင့်သုံးခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် စက်မှုဝန်ကြီးဌာနမှ ကြီးကြပ်လမ်းညွှန်မှုဖြင့် ယင်းလျှပ်စစ်ဥပဒေကို ဆောင် ရွက်ရာတွင် ၁၉၈၄ ခုနှစ်တွင် လျှပ်စစ်ဥပဒေပေါ်ပေါက်ပြီး ၁၉၈၅ ခုနှစ်တွင် ယင်းလျှပ် စစ်ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းကို ထုတ်ပြန်ဆောင်ရွက်နိုင်ခဲ့ သည်ကို လေ့လာတွေ့ ရှိခဲ့ရပါကြောင်း။

ဥပဒေ၊ နည်းဥပဒေများ အကောင်အထည်ဖော်နိုင်ရေးအတွက် ယခင်က အမှတ်(၁) စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေး ဦးစီးဌာနအောက်မှာရှိ လျှပ်စစ်စစ်ဆေးရေးဌာန Electrical Inspector ခေါ် EI ကိုဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါ အဖွဲ့၏ အဓိကတာဝန်များဟာ ဥပဒေ၊ နည်းဥပဒေများအတိုင်း ဆောင်ရွက်ရန်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်၍ ဓာတ်အားထုတ်လုပ်သူ၊ ပို့လွှတ်သူ၊ ဖြန့်ဖြူးသူ Supplier နှင့် အသုံးပြုသူ Consumer တို့အကြား ကြားခံ အဖွဲ့ အစည်း Tap Party အနေဖြင့် ဓာတ်အားသုံးစွဲသူများ၏ အခွင့်အရေးကို လိုက်နာမှုမရှိစေရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် စစ်ဆေးခြင်းနဲ့ အကြံပြုခြင်းများကို တာဝန်ယူဆောင်ရွက်ကြောင်း၊ ကြားခံအဖွဲ့အစည်းဖြစ် သည့်အတွက် ထုတ်လုပ်သူ၊ ဖြန့်ဖြူးသူနှင့် မသက်ဆိုင်သော ဝန်ကြီးဌာနများ၏ ကွပ်ကဲမှုအောက်တွင် ၁၉၁၀ ခုနှစ်မှ စတင်ပြီး ခေတ်အဆက်ဆက် တာဝန်ယူဆောင်ရွက်ခဲ့သည်ကိုလည်း လေ့လာသိရှိရပါကြောင်း၊ မိမိတို့အနေဖြင့် လည်း များမကြာမီ လျှပ်စစ်ဥပဒေ ရောက်ရှိလာတော့မည်ဖြစ်ရာ ဒီလျှပ်စစ် စစ်ဆေးတဲ့သူနဲ့ လျှပ်စစ်ထုတ်လုပ်သူတို့ အကြား ဥပဒေနဲ့ပတ်သက်၍ အငြင်းပွားချက်တစ်စုံတစ်ရာ ဖြစ်လာနိုင်သည့်အတွက် ကြိုတင်တင်ပြခြင်းဖြစ် ပါကြောင်း။

လျှပ်စစ်ဌာန စစ်ဆေးရေးဌာနအနေဖြင့် လုပ်ငန်းများကို ဥပဒေအရ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ပုဂ္ဂိုလ်ရေးလွှမ်းမိုးမှုအရ အချို့ကိစ္စများမှာ မစစ်ဆေးနိုင်ကြောင်း၊ အစစ်အဆေး မခံလိုကြကြောင်းကိုလဲသိရှိရ ပါကြောင်း၊ ယနေ့ တစ်နိုင်ငံလုံးတွင် လျှပ်စစ်အန္တရာယ်နှင့် ပတ်သက်၍ မီးလောင်ခြင်း၊ လျှပ်စစ်ဝါယာရှော့ဖြစ်ခြင်း စသည်တို့ကို လျှပ်စစ်စစ်ဆေးရေးဌာန က သေသေချာချာ စစ်ဆေးနိုင်မည်ဆိုပါက အထိုက်အလျောက် လျော့ပါး သွားမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အောက်ပါမေးခွန်း များကို မေးမြန်းလိုပါကြောင်း-

(က) သက်ဆိုင်ရာလျှပ်စစ် စစ်ဆေးရေးဌာနအနေဖြင့် ဥပဒေ၊ နည်းဥပဒေများပါအတိုင်း ထုတ်လုပ်သူ၊ ဖြန့်ဖြူး သူများကို စစ်ဆေးနိုင်ခဲ့ခြင်းရှိ/မရှိ။

(ခ) နှစ်စဉ်လျှပ်စစ်ဓာတ်အား မတော်တဆမှုများနှင့် ပတ်သက်၍ လျှပ်စစ်စစ်ဆေးရေးဌာနအနေဖြင့် မည်မျှဆောင် ရွက်နိုင်ခဲ့သည်၊ သက်ဆိုင်ရာ ထုတ်လုပ်သုံးစွဲသည့်ဌာနသို့ မည်မျှအကြံပြုနိုင်ခဲ့သည်၊ အဆိုပါ စစ်ဆေးအကြံပြု ချက်များအပေါ် သက်ဆိုင်ရာထုတ်လုပ်သူ၊ သုံးစွဲသူများမှ မည်မျှအထိ ထုတ်ပြန်သုံးစွဲ ဆောင်ရွက် နိုင်ခဲ့သည်တို့ကို သိလို ပါကြောင်းနှင့် ထုတ်လုပ်သူများမှ ဥပဒေအရ စစ်ဆေးခံရမည့် ကိစ္စများအား အပြည့်အဝစစ်ဆေးခံယူမှု ရှိ/မရှိ၊ စစ်ဆေးရန်လျှပ်စစ်စစ်ဆေးရေးဌာနသို့ အကြောင်းကြားခဲ့သူများရှိ/မရှိ သိလိုပါကြောင်း။

(ဂ) ယခုအခါ လျှပ်စစ်ဓာတ်အား သက်ဆိုင်ရာထုတ်လုပ်ဖြန့်ဖြူးသူများမှ ပိုမိုထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိရာ ဆက် လက်၍ ပိုမိုဖြန့်ဖြူးရန်လည်း ရှိနေသည့်အပေါ် သက်ဆိုင်ရာ လျှပ်စစ်စစ်ဆေးရေးဌာန အနေဖြင့် အပြည့်အဝ စစ်ဆေးနိုင်ရန် စီစဉ်ထားမှုရှိ/မရှိ။ ထိုသို့စစ်ဆေးနိုင်ရန်အတွက် လိုအပ်သော စစ်ဆေးရေးကိရိယာများ တိုးချဲ့ ဝယ်ယူတပ်ဆင်ရေးရှိ/မရှိ။ မရှိလျှင် မည်သည့်အတွက်ကြောင့်ဖြစ်ပါသနည်း။ လျှပ်စစ်စစ်ဆေးရေးဌာန အနေဖြင့် ဦးစီးဌာနအဆင့် တိုးချဲ့ဖွဲ့စည်းရန်ရှိ/မရှိ။ မရှိလျှင် မည်သည့်အတွက် ကြောင့်ဖြစ်သည်ကို သိလိုပါကြောင်းနှင့် တစ်ပြည်လုံးအတိုင်းအတာအတွက် တာဝန်ရှိသည့်ဌာန တစ်ခုအနေဖြင့် ခံယူထားမည်ဆိုပါက စက်ကိရိယာများ တိုးချဲ့တပ်ဆင်ရမည်ဖြစ်သည့်အတွက် ကျွမ်းကျင်သူများဖြင့် တိုးချဲ့တပ်ဆင်ရန် လိုအပ်သည့် ဖွဲ့စည်းအင်းအား တိုးချဲ့ရန် စက်မှုဝန်ကြီးဌာန အနေဖြင့် မူဝါဒရေးရာအရ ခံယူထားခြင်းရှိ/မရှိ သိလိုပါကြောင်းနှင့် စက်မှုဝန်ကြီးဌာန အနေဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှုများ အန္တရာယ်ကင်းရှင်းရေး၊ လျှပ်စစ်နှင့်ဆိုင်သောကိရိယာ များ ဘေးကင်းလုံခြုံ စံချိန်မီဟုတ်/မဟုတ် စစ်ဆေးရန် စသည်တို့အတွက် သီးခြားဥပဒေများဖြင့် ပြဋ္ဌာန်းဆောင် ရွက်ရန် ရှိ/မရှိတို့ကို သိလိုပါကြောင်း မေးမြန်း အပ်ပါသည်။