(ဆ)-ကျွဲ၊နွား၊ဆိတ်များတစ်ဖက်နိုင်ငံသို့တရားမဝင် တင်ပို့ရောင်းချနေခြင်းကိုတားမြစ်ရန်နှင့်စပ်လျဉ်း သည့် မေးခွန်း

2020-12-17

ဦးတင်မောင် (ချမ်းမြသာစည်)ကျွဲ၊ နွား၊ ဆိတ်တို့အား တရားမဝင် ပြည်ပသို့ တင်ပို့ရောင်းချခြင်းကို တားမြစ်ရန်ဟူသော မေးခွန်းကို ၂၁-၁၀-၂၀၁၃ နေ့တွင် ကျင်း ပသော ပြည်သူ့ လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး တွင် မေးမြန်းခဲ့ ပါကြောင်း၊ ပြည်သူအများစုက စိတ်ဝင်တစားရှိနေကြပြီး ဝန်ကြီးဌာနတစ်ခုတည်းနှင့် သက်ဆိုင်သည့်ကိစ္စမျိုး မဟုတ်ဘဲ သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးနှင့် ညှိနှိုင်းပြီး လွှတ်တော်မှတစ်ဆင့် ပြည်သူများကို ရှင်းလင်း တင်ပြရန်လိုအပ်သည်ဟု ယူဆပါသဖြင့် ဒုတိယအကြိမ် ထပ်မံမေးမြန်းခြင်းဖြစ် ပါကြောင်း၊ နယ်စပ်ဒေသ အသီးသီးတွင် တစ်ဖက်နိုင်ငံများသို့ နည်းမျိုးစုံဖြင့် ကျွဲ၊ နွားနှင့် ဆိတ်များကို တရားမဝင် ရောင်းဝယ်ဖောက်ကား နေကြပါကြောင်း၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနယ်စပ်များနှင့် ဆက်စပ်လျက်ရှိသော ပင်လယ်ရေကြောင်းလမ်း၊ တောင်ကျော်လမ်း၊ တောင်ကြားလမ်း၊ ကားလမ်းများမှ သယ်ယူ၍ မှောင်ခိုလုပ်ငန်း လုပ်ကိုင်နေသောကြောင့် မြန်မာနိုင်ငံအတွင်း ကျွဲ၊ နွားနှင့်  ဆိတ်ဈေးနှုန်းများ တိုးတက်နေသည်ကို သိရှိရပါ ကြောင်း။

မြန်မာနိုင်ငံသည် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကြိုးစားပြောင်းလဲနေရာ ရာခိုင်နှုန်းအနည်းငယ်သာ စက်မှုနိုင်ငံ သို့ ပြောင်းလဲနိုင်သေးပါကြောင်း၊ တောင်သူလယ်သမားများသည် သာမန်နုပျိုသောကျွဲ၊ နွားများကို သာ လယ်ယာလုပ်ငန်းခွင်တွင်အသုံးပြုဆဲဖြစ်ပါကြောင်း၊ သို့သော် ယခုအချိန်တွင် ကျွဲ၊ နွားဈေးနှုန်းမှာ အလွန်မြင့် တက်နေသဖြင့် လယ်ယာလုပ်ငန်းခွင်တွင် ဆင်းရဲသောတောင်သူလယ်သမားများ ကျွဲ၊ နွားများဝယ်ယူ အသုံး မပြုနိုင်သောကြောင့် ဆန်၊ ကောက်ပဲသီးနှံ စသည့် အစားအစာများ လျော့နည်းလာနိုင်ပါကြောင်း။

ကျွဲ၊ နွား၊ ဆိတ်များ တစ်ဖက်နိုင်ငံသို့ မှောင်ခိုတင်သွင်းမှုကြောင့် ပြည်တွင်းအသားဈေးနှုန်းများ အလွန်မြင့်မား ၍ ပြည်သူ များ အသားစားသုံးရန်ခက်ခဲလာခြင်း၊ လယ်ယာလုပ်ငန်းခွင်တွင် ထွန်ယက်စိုက်ပျိုးရန် ကျွဲ၊ နွားများ ရှားပါးလာ၍ လယ်ယာစိုက်ပျိုးရေးထိခိုက်လာနိုင်ပြီး စားနပ်ရိက္ခာ ရှားပါးလာနိုင်ခြင်းနှင့် ပြည်ပပို့ကုန် ဆန်၊ ပဲမျိုး စုံ၊ နှမ်း များ အထွက်နည်းလာသဖြင့် နိုင်ငံခြားဝင်ငွေကျဆင်းနိုင်ခြင်း၊ တိရစ္ဆာန်များမှောင်ခိုမှုကြောင့် အကောက်ခွန် များ မရ၍ နိုင်ငံတော်ရသင့်သော အခွန်ဝင်ငွေများဆုံးရှုံးခြင်း စသည့် ဆိုးကျိုးများမှ လွတ်ကင်းရန် တဖက်နိုင်ငံများသို့ ကျွဲ၊ နွား၊ ဆိတ်များ တရားမဝင် တင်ပို့ရောင်းချခြင်းကို တားမြစ်ပေးရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ မည်ကဲ့သို့ ဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုကြောင်းနှင့် တရားမဝင်တင်ပို့ခြင်းမရှိစေရန် မည်ကဲ့သို့ စီမံဆောင်ရွက်နေကြောင်း၊ ယနေ့အချိန်ကာလအထိ တရားမဝင်တင်ပို့ခြင်းကို မည်မျှဖမ်းဆီးနိုင်ခဲ့ပြီး မည်ကဲ့သို့ အရေးယူမှု ပြုလုပ်နိုင်ခဲ့ကြောင်း၊ တရားဝင်တင်ပို့မည်ဆိုပါက နိုင်ငံခြားဝင်ငွေရရှိရေးအတွက် တရားဝင်တင်ပို့ခြင်း လုပ်ငန်းကို အမှန်တကယ် လွယ်ကူချောမွေ့နိုင်စေရန် မည်ကဲ့သို့စီမံ ဆောင်ရွက် ထားကြောင်းနှင့် တရားမဝင် တင်ပို့ရောင်းချခြင်းများ လျော့နည်းပြီး တရားဝင် တင်ပို့ရောင်းချနိုင်ရေး အတွက် မည်ကဲ့သို့ဆောင် ရွက်နေကြောင်းကို မေးမြန်းပါသည်။