(ခ)-မောင်းခမ်းစံပြကျေးရွာအထက်တန်းကျောင်း အား ၂၀၁၃- ၂၀၁၄စာသင်နှစ်တွင်စာစစ်ဌာန အဖြစ် တိုးချဲ့ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်တွင် ၂၀၀၉-၁၀ ခုနှစ်အထိ အထက်တန်းကျောင်း ၃ ကျောင်းသာရှိခဲ့ပြီး ယခုအချိန် တွင် အထက်တန်းကျောင်း ၅ ကျောင်း ထပ်မံဖွင့်လှစ်ခွင့်ပေးခဲ့သည့်အတွက် အထက်တန်းကျောင်းပေါင်း ၈ ကျောင်း၊ အလယ်တန်းကျောင်း ၃ ကျောင်းနှင့် မူလတန်းအဆင့်ကျောင်းပေါင်း ၁၀၀ ကျော်ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ၂၀၁၂-၁၃ စာသင်နှစ် တွင် ကျောင်းသားဦးရေ ၄၉၀၀၀ ကျော်ခန့်ရှိခဲ့သော်လည်း ယနေ့ကာလတွင် ၅၂၀၀၀ ကျော်အထိ တိုးတက်လာပါကြောင်း၊ ယခင်က တက္ကသိုလ်ဝင်တန်းဖြေဆိုရန် ဟုမ္မလင်းမြို့ စာစစ်ဌာနတစ်ခုသာ ရှိခဲ့သော်လည်း ၂၀၁၂-၁၃ တွင် နောင်ပေါင် ကျေးရွာကို စာစစ်ဌာနတစ်ခုဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် ကျောင်းသူကျောင်းသား ၂၀၀ ကျော် အဆင်ပြေစွာ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုခွင့်ရရှိခဲ့ပါကြောင်း၊ ဟုမ္မလင်းမြို့နယ်သည် စစ်ကိုင်းတိုင်းတွင် မြို့နယ်ဧရိယာ အကျယ်ဝန်းဆုံးဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးမှာ အခက်ခဲဆုံးဖြစ်နေပါကြောင်း၊ ဟုမ္မလင်းမြို့ထက် နယ်မြေ အကျယ်အဝန်း သေးငယ်ပြီး လူဦးရေနှင့် ကျောင်းသားအင်အားလည်း နည်းပါးသော အချို့မြို့နယ်တွင် စာစစ်ဌာန ၃/၄ ခုရှိသော်လည်း မိမိတို့မြို့နယ်တွင် စာစစ်ဌာန ၂ ခုသာ ရှိသောကြောင့် နောက်ထပ်စာစစ်ဌာန ၂ ခု ဖွင့်လှစ်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ယခု ၂၀၁၃-၁၄ စာသင်နှစ်၌ မောင်းခမ်းစံပြကျေးရွာ အထက်တန်းကျောင်းကို ဦးစားပေးစာစစ်ဌာနတစ်ခုအဖြစ် ဖွင့်လှစ် ပေးသင့် ပါကြောင်း၊ နှစ် စဉ်ဖြေ ဆိုမည့် ကျောင်းသားကျောင်းသူဦးရေ ၂၀၀ ကျော်ခန့် ရှိနိုင်သောကြောင့် မောင်းခမ်းစံပြကျေးရွာ အထက် တန်းကျောင်းကို စာစစ်ဌာနအဖြစ် တိုးချဲ့ဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ သိ လိုကြောင်း မေးမြန်းပါသည်။