(ဃ)-သာကေတမြို့နယ်ပြည်သူ့ဆေးရုံတွင် ကူးစက် လူနာနှင့်သာမန်လူနာများ အတွက် ဆေးရုံ သီးခြား ဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
သာကေတ မြို့နယ်ရှိ ပြည်သူ့ဆေးရုံသည် သာကေတမြို့နယ်အပြင် ဒဂုံ တောင်/မြောက်၊ ဒဂုံဆိပ်ကမ်းနှင့် သန်လျင်မြို့ကပင် အားထားနေ ရသော ဆေးရုံကြီးဖြစ်ပါကြောင်း၊ ယင်းဆေးရုံကြီးသို့ ၂၀၁၀ ခုနှစ်ကစတင်ပြီး HIV နှင့်TB ဝေဒနာရှင်များ ပြောင်းရွှေ့ချထားခဲ့ရာ ယနေ့ထိ ဆေးရုံတက် HIV နှင့်TB လူနာ ၄၀ ကျော်၊ ၅၀ ခန့် ရှိနေပြီဖြစ်ပြီး နေ့စဉ်လာရောက်ပြသသော Out Patient လူနာသည် ၈၀ ကျော်ခန့်ရှိနေသောကြောင့် စုစုပေါင်း လူနာပြသမှုအင်အားမှာ ၁၀၀ ကျော်ခန့်ရှိနေပြီးဖြစ်ပါကြောင်း၊ သာကေတဆေး ရုံကြီး၏ သုံးပုံနှစ်ပုံကို HIV နှင့်TB လူနာများကိုကုသသော ဆေးဆောင်များအဖြစ် ယူထားပြီးဖြစ်ပါကြောင်း၊ ဆေးရုံတွင်တက်ရောက်ကုသနေသော သာမန်မွေးလူနာ၊ ကလေးလူနာ၊ အထွေထွေလူနာဆောင်များနှင့် HI/TB လူနာဆောင်များ နီးကပ်စွာထားရှိပြီး ကုသနေရသည်ကို တွေ့မြင်နေရပါကြောင်း၊ HIV ရောဂါ သည် သွေးနှင့် လိင်ဆက်ဆံမှုမှ တစ်ဆင့်သာကူးဆက်နိုင်ခြင်းကြောင့် သာမန် အားဖြင့် အခြားလူနာများသို့ လွယ်ကူစွာမကူးဆက်နိုင်သော်လည်း HIV လူနာများမှာ ပူးတွဲဖြစ်ပေါ်တတ်သော TB ရောဂါသည် လေနှင့်သလိပ်မှတစ်ဆင့် အလွယ်တကူးစက်နိုင်ပါကြောင်း၊ HIV လူနာများတွင် ပူးတွဲဖြစ်ပေါ်နေသော ကုသရန် အခက်ဆုံးဖြစ်သည့် ဆေးရင်ပါးသော TB ရောဂါနှင့် နီးကပ်စွာ ကုသမှု ခံယူနေကြရသော လူနာများသည် ရောဂါကူးစက်မည်ကို ကြောက်ရွံ့နေကြပါကြောင်း၊ HIV လူနာများကို ခွဲခြားပြီးတော့ ဆက်ဆံခြင်းမပြုရဆိုသည်ကို သိရှိပါသော်လည်း HIV ဝေဒနာရှင်များ ဖြစ်ပွားလေ့ရှိသော TB ကူးစက်ရောဂါများ သာမန်အထွေထွေလူနာများပြန့်ပွားကူးစက်ခြင်း မပြုစေနိုင်ရန် ဆေးရုံသီးသန့်ထားရှိ ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်မှုရှိ/မရှိ မေးမြန်းပါသည်။