(စ)-တန်ဖိုးရှိ၍အစွမ်းထက်သောဆေးဘက်ဝင် အပင်များကိုစိုက်ပျိုးထုတ်လုပ်သွားရန်နှင့် မြန်မာ့ တိုင်းရင်းဆေးများကိုပြည်တွင်း၊ ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရေး အားပေးဆောင်ရွက်သွားရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် သဘာဝသစ်တောကြီးများ အများဆုံး ဖုံးလွှမ်းတည်ရှိနေခြင်း၊ အမျိုးတူ၊
မျိုးကွဲ၊ မျိုးစေ့ များ မြောက်များစွာ ရှင်သန်ပေါက်ရောက်သည့် ထူးခြားဒေသ တစ်ခု ဖြစ်ခြင်း၊ သဘာဝ အဖိုးထိုက် တန် ဆေးဘက်ဝင် သစ်ပင်၊ နွယ်ပင်၊ သစ်ဥ၊ သစ်ဖုများ ပေါများကြွယ်ဝစွာရှိခြင်း တို့ကြောင့် မြန်မာ့ သဘာဝတောတောင်ရေမြေမှ ဖြစ်ထွန်း ပေါ်ပေါက်လာသော တိုင်းရင်းဆေးဝါးများ ရှေးဘိုးဘွားစဉ်ဆက်ကပင် တန်ဖိုးထား အသုံးပြု ကုသခဲ့ခြင်းတို့ကြောင့် ဘေးထွက် ဆိုးကျိုးတွေနည်းပါး စွာဖြင့် မြန်မာ့ လူ့ဘောင်နှင့်မြန်မာ့သမိုင်းကို အောင်မြင်စွာ ရှင်သန်စေခဲ့သည့် အပြင် မြန်မာ့ တိုင်းရင်း ဆေးဝါးများကို ပြည်ပနိုင်ငံများကလည်း ယုံကြည် အားကိုးစွာ ပိုမိုတိုးတက်သုံးစွဲလာကြသည်ကို တွေ့ရှိရပါကြောင်း၊
ယခုအခါမှာ မြန်မာနိုင်ငံ၏ အဖိုးတန်တိုင်းရင်းဆေးဝါး ကုန်ကြမ်းများ ဘုမ္မရာဇာ၊ ဆင်ပေါင်ဖာလာ၊ တရုတ်စကားပွင့်၊ ဆေးဘက်ဝင်သစ်ခွ စသည့် အမျိုးအစားများပြား လှသော ဆေးဝါးကုန်ကြမ်းများကို အိမ်နီးချင်းနိုင်ငံအချို့သို့ ထိုက်တန် သော ဈေးနှုန်းများမရှိဘဲ တရားမဝင် နည်းလမ်းများနှင့် အလွန်အကျွံထွက်ရှိနေသောကြောင့် နိုင်ငံတော်၏ အဖိုးထိုက်တန် တိုင်းရင်းဆေးဝါးပင်များသည် မျိုးစုပျောက်ကွယ်မည့် အခြေအနေသို့ရောက်ရှိနေကြခြင်း၊ အချိုဒေသများတွင်လည်း အခြေခံအဆောက်အဦများ တိုးချဲ့ဆောက်လုပ်မှုကြောင့် ရေဝပ်ဧရိယာအတွင်းရောက်ရှိသွားခြင်း၊ သစ်တောများ ပြုန်းတီးမှုများခြင်း၊ သဘာဝပတ်ဝန်းကျင်ယိုယွင်းပျက်စီးခြင်းနှင့် အကန့်အသတ်မရှိ၊ အလွန်အကျွံထုတ်ယူသုံးစွဲခြင်း၊ တစ်ဖန်ပြန် လည်ပြုစုပျိုးထောင်ခြင်းမရှိသည့်အတွက်ကြောင့် မျိုးသုန်းပျောက်ကွယ်မည့်အနေအထားကို စိုးရိမ်ဖွယ်ရာ ရောက် ရှိနေကြောင်း၊ မျိုးသုန်းပျောက်ကွယ်မှုမှ ထိရောက်စွာအကာအကွယ်ပေးနိုင်ရန် စနစ်တကျထုတ်လုပ် သုံးစွဲ ရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တန်ဖိုးရှိ လူသုံးများတဲ့ ပရဆေးပင်များ စိုက်ပျိုး ထုတ်လုပ်သူ အသင်း အဖွဲ့များကို ထူထောင်ပြီး မျိုးရိုးထိန်းသိမ်းခြင်း၊ ပညာပေးခြင်း၊ ထုတ်လုပ်ခြင်းများကို ဆောင်ရွက်သွားရန် လိုအပ်မည်ဟု ယူဆခဲ့ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနက တိုင်းရင်းဆေးပညာတက္ကသိုလ်ကြီးကို ဖွင့်လှစ်၍ အဆင့်အတန်းမြင့်မားသော တိုင်းရင်းဆေးပညာရှင်သည်များ အဆက်မပြတ် လေ့ကျင့်မွေးထုတ်ပေးလျက် မြို့နယ်တိုင်းတွင် တိုင်းရင်းဆေးကု ဌာနများ၊ ဆေးရုံများဖွင့်လှစ်ကုသပေးခြင်းဖြင့် ပြည်သူများမှလည်း ယုံကြည်အားကိုးစွာ ကုသခံယူမှု တိုးပွားလျက်ရှိကြောင်း၊ ထို့ကြောင့် တိုင်းရင်းဆေးတက္ကသိုလ်ကျောင်းဆင်းများကို တိုးချဲ့ခန့်ထားခြင်း၊ သုတေသနနှင့်ထုတ်လုပ်မှုလုပ်ငန်းများတွင် ပိုမို တိုးချဲ့တာဝန်ပေးခြင်း များကို လည်း ဆောင်ရွက်သွားရန် လိုအပ်မည်ဟု ယူဆပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အတွင်း တန်ဖိုးရှိ ဆေးဘက်ဝင် အပင်များအား အလွန်အကျွံထုတ်ယူ၍ မျိုးသုန်းပျောက်ကွယ်မှု မရှိစေရန်၊ အစုအဖွဲ့များ ဖွဲ့စည်းအားပေး၍ ပညာပေးခြင်းနှင့် စနစ်တကျ စိုက်ပျိုးထုတ်လုပ်သွားရန် အစီအစဉ်ရှိ/မရှိ၊ အစွမ်းထက်မြက်သော တိုင်းရင်းဆေးဝါးများကို ကျယ်ပြန့်စွာသုတေသနပြုခြင်း၊ မှတ်တမ်း တင်ခြင်း၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု တို့ဖြင့် နိုင်ငံ တကာအဆင့်မီ စနစ်တကျထုတ်လုပ်ပြီး ပြည်တွင်းသုံးစွဲရန်နှင့် ပြည်ပဈေးကွက်သို့ပါ ထိုးဖောက် တင်ပို့နိုင်ရေးအတွက် အားပေးဆောင်ရွက်သွားရန် အစီအစဉ်ရှိ/မရှိကို သိရှိလို ပါကြောင်းမေးမြန်းပါသည်။