(င)-အစိုးရသစ်လက်ထက်အတွင်း မြေလတ်ပိုင်းဒေသတွင် ပညာရေးတက္ကသိုလ်တစ်ခု ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ကျောင်းဆရာလိုအပ်ချက်ဆိုတာ အထက်တန်းပြဆရာဆရာမ လိုအပ်ချက်ဖြစ်ကြောင်းကို အထူး တင်ပြချင်ပါကြောင်း၊ အထက်တန်းပြဆရာ (B.Ed) ဘွဲ့ရများကို မွေးထုတ်နိုင်သော တက္ကသိုလ်သည် ပညာရေးတက္ကသိုလ်ဖြစ်ပါကြောင်း၊ ယခုမြန်မာနိုင်ငံ ပညာရေးတက္ကသိုလ်နှစ်ခုမှာ အထက်မြန်မာ ပြည်တွင် စစ်ကိုင်းပညာရေးတက္ကသိုလ်နှင့် အောက်မြန်မာပြည်တွင် ရန်ကုန်ပညာရေးတက္ကသိုလ်တို့ ရှိပါကြောင်း၊ မြန်မာပြည်အလယ်ပိုင်း မြေလတ်ဒေသတွင် ပညာရေးတက္ကသိုလ်ဆိုတာ မရှိပါကြောင်း၊
ယခုလက်ရှိ စစ်ကိုင်းပညာရေး တက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်နှစ်ခုတို့သည် တစ်နှစ်ကို ဆရာ/မ ၆၀၀ ဦးနှုန်းစီနှင့် စုစုပေါင်းတစ်နှစ်ကို အထက်တန်းပြဆရာ/မ ၁၂၀၀ ခန့်သာ မွေးထုတ်နိုင်ပါကြောင်း၊ သို့သော်လည်း ၂၀၁၆ ခုနှစ် မတ်လကနေ ၂၀၁၇ ခုနှစ် မတ်လအထိ တစ်နှစ်တာကာလအတွင်း အငြိမ်းစားယူခြင်း၊ အလုပ်ထွက်ခြင်း၊ သေဆုံးခြင်းများကြောင့် ပြုန်းတီးလျော့ပါးသွားသည့် အထက်တန်းပြဆရာ/မဦးရေ ၂၀၇၈ ဦး ရှိကြောင်းကို သိရပါကြောင်း၊ ၂၀၂၁-၂၂ ပညာသင်နှစ်၊ ၂၀၂၂-၂၃ ပညာသင်နှစ်များတွင် Grade 11 နှင့် Grade 12 အတန်းများ တိုးချဲ့ဖွင့်လှစ်မည် ဖြစ်ပါကြောင်း၊ ၎င်းတိုးချဲ့လာမည့် အတန်းများအတွက် တစ်ဘာသာကို အထက်တန်းပြ ဆရာတစ်ဦးနှုန်းဖြင့် တွက်ကြည့်လျှင် ထိုနှစ်များတွင် အထက်တန်းပြဆရာ/မဦးရေ ၅၉၀၀၀ ကျော်ခန့် လိုအပ်မည်ဟု သိရှိရပါကြောင်း၊ ထို့ကြောင့် အထက်တန်းပြဆရာ/မများကို မွေးထုတ်ပေးနိုင်သည့် ယခုလက်ရှိ ပညာရေးတက္ကသိုလ်နှစ်ခုတည်းနှင့် မလုံလောက်သည်မှာ ထင်ရှားနေပါကြောင်း၊
အမျိုးသားပညာရေးမူဝါဒ ကော်မရှင်၏ ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာ (၂/၂၀၁၇) တွင် ဆရာ/မလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ပညာရေးတက္ကသိုလ်နှစ်ခု အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်တွင် တစ်ခုစီ တိုးချဲ့ဖွင့်လှစ်ပေးရန် အစီရင်ခံစာ၏စာမျက်နှာ ၆၄ အပိုဒ် ၃၇ အပိုဒ်ခွဲ (က) တွင် ဖော်ပြအကြံပြုထားသည်ကို တွေ့ရှိရပါကြောင်း၊ အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်တွင် ရှိပြီးဖြစ်သည့်အတွက် မြန်မာပြည်၏ အလယ်ပိုင်း မြေလတ်ဒေသတွင် ပညာရေးတက္ကသိုလ်တစ်ခု ဖွင့်လှစ်ပေးရန် အကြံပြုလိုပါကြောင်း၊ မြန်မာနိုင်ငံတွင် နည်းပညာတက္ကသိုလ်ပေါင်းက ၃၃ ခုနှင့် ကွန်ပျူတာတက္ကသိုလ်က ၂၇ ခုရှိသော်လည်း အထက်တန်းပြ ဆရာ/မများကို မွေးထုတ်ပေးမည့် ပညာရေးတက္ကသိုလ် နှစ်ခုတည်း ရှိနေခြင်းမှာ သင့်လျော်ခြင်းမရှိပါကြောင်း၊ ယခုလည်း နှစ်နှစ်သင်ပညာရေးကောလိပ်များကို ပညာရေးဒီဂရီ ကောလိပ် လေးနှစ်သင်များအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးမည်ဟု ကြားသိရပါကြောင်း၊ ပညာရေး ဒီဂရီကောလိပ် ဆင်းလာလာသည့် သူများကို မည်ကဲ့သို့ဘွဲ့များပေးမည်နည်း၊ အထက်တန်းပြဆရာခန့်နိုင်ခြင်းရှိ/မရှိ၊ အလယ်တန်းပြဆရာခန့်နိုင်ခြင်းရှိ/မရှိ ပညာရေးကို စိတ်ဝင်စားသည့်သူများက သိချင်နေကြပါကြောင်း၊ ပညာရေးတက္ကသိုလ်တစ်ခု တိုးချဲ့ဖွင့်လှစ်ရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါကလည်း မြန်မာပြည်အလယ်ပိုင်း မြေလတ်ဒေသတွင် ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။